မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Monday 31 March 2014

အိမ်မဲမြို့ ပျံကျဈေးသည်တွေနဲ့ ဧရာဝတီ ဝန်ကြီးချုပ်


ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ အိမ်မဲမြို့က ဈေးသည်ပေါင်း ၁၅၀ ကျော်က ကမ်းနားလမ်းမှာရှိတဲ့ ပျံကျဈေးကို မဖျက်သိမ်းဖို့  တိုင်း အစိုးရအဖွဲ့ ၀န်ကြီးချုပ် ဦးသိန်းအောင်ထံကို သောကြာနေ့က စာရေးသားတိုင်ကြားလိုက်ပါပြီ။
  -  

  -
အနှစ် ၂ဝ သက်တမ်းရှိတဲ့ ဒီပျံကျဈေးကို  မြို့နယ်စည်ပင်သာယာရေး ကော်မတီက စနေ နောက်ဆုံးထား ဖျက်သိမ်းပေးဖို့ အမိန့်ထုတ်ထားတာပါ။

ဒေသခံ အများအပြားရဲ့ ပကတိအခြေအနေကို ဝန်ကြီးချုပ် သိရှိပြီး ကူညီပေးစေလိုတယ်လို့  ပျံကျဈေးထဲက ဒို့မိတ်ဆွေထမင်းဆိုင်ပိုင်ရှင် ဒေါ်ခင်ပွားက ဧရာဝတီကို ပြောပါတယ်။

“ကျမတို့က ဒီဈေးမှာရောင်းလာတာ ၁၈ နှစ်ရှိပါပြီ။ မိသားစု စားဝတ်နေရေးအရ ဒီနေရာမှာ ထမင်းဟင်းရောင်းပြီး အသက်မွေးရတာပါ”
 

  • ပျံကျဈေး နောက်ခံသမိုင်း

အိမ်မဲမြို့ ကမ်းနားလမ်းမှာရှိတဲ့ ကျူးကျော်နေအိမ်တွေကို ၁၉၉၂ ခုနှစ်မှာ အဲဒီခေတ်က အာဏာပိုင်အဖွဲ့ဖြစ်တဲ့  မြို့နယ်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ ဥက္ကဋ္ဌ ဗိုလ်မှူးတင်ဖေက  ဖျက်သိမ်းခဲ့တာပါ။

လွတ်သွားတဲ့ အဲဒီ မြေကွက်လပ်မှာ  ဈေးသည်တွေက ၀င်ရောက်ရောင်းချခဲ့တာဖြစ်ပါတယ်။

  •  လတ်တလော ပျံကျဈေး

လက်ရှိမှာတော့ ဟင်းသီးဟင်းရွက်၊ ကုန်ခြောက်၊ ထမင်းဆိုင်၊ ကွမ်းယာဆိုင်စသဖြင့် ဆိုင်ခန်းပေါင်း ၁၅၀ ကျော် တွေ့ရပါမယ်။

အိမ်မဲမြို့နယ်စည်ပင်သာရေးကော်မတီရဲ့ မတ်လ ၂၅ ရက်နေ့ထုတ်  အမိန့်စာမှာတော့   “ကမ်းနားလမ်းတလျှောက်ရှိ အစိုးရစီမံခန့်ခွဲခွင့်ရှိသောမြေပေါ်တွင် ဆောက်လုပ်ထားသည့် ပျံကျဈေးတန်းများ၊ ယာယီဈေးဆိုင်ခန်းများနှင့်
အခြားစီးပွားရေးလုပ်ငန်းများအားလုံး မြို့သန့်ရှင်း သာယာလှပရေးအတွက် မတ်လ ၂၉ ရက်နေ့တွင် အပြီးရှင်းလင်းဖျက်သိမ်းဖယ်ရှားပေးရန်ဖြစ်ကြောင်း” ဆိုပြီး ရေးထားပါတယ်။

စာကို မိတ္တူပေးရာမှာ တိုင်းအဆင့် စည်ပင်ညွှန်ကြားရေးမှူးသာမက ရပ်ကွက်အုပ်ချုပ်ရေးမှူးကိုလည်း ”သတ်မှတ်ရက်တွင် ဖျက်သိမ်းဖယ်ရှားနိုင်ရေး ကြီးကြပ်ဆောင်ရွက်ပေးနိုင်ပါရန်”ဆိုပြီး ထည့်ရေးထားပါတယ်။

  • ဈေးသည်စုံ၊ အသံစုံ

ပျံကျဈေးသည်တွေကတော့ သူတို့ ဈေးရောင်းဖို့ နေရာအစားပြန်ပေးတာ လုံးဝမရှိဘူးလို့  ပျံကျဈေးသည် ဒေါ်ချိုက ပြောပါတယ်။

“အခုလိုဈေးမရောင်းရင် ဘာနဲ့စားရမလဲ။
တာဝန်ရှိသူတွေရဲ့လုပ်ရပ်ဟာ ကျမတို့ ဆင်းရဲသားပြည်သူတွေအပေါ်မှာ စာနာမှုမရှိဘူး။
အရမ်း ရက်စက်လွန်းအားကြီးတယ်”

ဆိုင်ခန်းတွေဖျက်ဖို့လုပ်နေပေမယ့် ဖျက်ပြီးရင် အဲဒီမြေနေရာကို ဘယ်လိုဆက်လက် အသုံးချမလဲ လို့  ပျံကျဈေးကော်တီဝင်ဟောင်း တဦးက မေးခွန်းထုတ်ပါတယ်။

 “ဈေးသည်တွေသာဖျက်ခိုင်းနေတာ အဲဒီနေရာကို ဘာလုပ်မယ်ဆိုတာ တိတိကျကျ မသိရဘူး။
 ဈေးသည်တွေအတွက် အစားထိုးမြေနေရာတောင်းတော့လည်း လုပ်မပေးဘူး။
အဲဒီတော့ ကျနော်တို့လည်း ဒီလို မမျှတတဲ့ကိစ္စတွေကို ဈေးသည်တွေအပေါ် မလုပ်ဆောင်နိုင်တာနဲ့ ကျနော်တို့ ဈေးကော်မတီဝင်အားလုံး နှုတ်ထွက်ထားကြတယ်”

 ဧရာဝတီတိုင်းမှာ ဖြစ်လေ့ဖြစ်ထရှိတာကတော့ မြို့တော်သန့်ရှင်းလှပရေး ဆိုပြီး လမ်းဘေးပျံကျဈေးဆိုင်တွေကို ဖယ်ခိုင်းတယ်၊ အာဏာပိုင်တွေနဲ့ နီးစပ်ပြီး
ပနံသင့်တဲ့ ငွေရှိသူ၊ မြို့မိမြို့ဖအမည်ခံ ခရိုနီတွေပဲ ဆိုင်ခန်းအသစ်တွေဆောက်၊ စီးပွားရေးလုပ်ဖို့ နေရာကောင်းတွေ ပိုင်ဆိုင်သွားကြခြင်းပါပဲ။

အာဏာပိုင်တွေရဲ့ ခြိမ်းခြောက်မှုနဲ့လည်း ကြုံရတယ်လို့ ထမင်းဆိုင်ရှင် မသေးသေးက ပြောပါတယ်။

“ကျမတို့ဆိုင်တွေကို မဖျက်ရင် စံပြအနေနဲ့ ထောင် ၃ လချမယ်ဆိုပြီးအာဏာပိုင်တွေက လာခြိမ်းခြောက်တယ်။
အဖမ်းခံ၊ ထောင်ကျမှာကြောက်လို့ ကျမတို့ ထမင်းဆိုင်ခန်း ၁၅ ခန်း ဖျက်ပေးခဲ့ရတယ်။
 ဆိုင်ဖျက်ပေးလိုက်ရတော့ ဒီရက်တွေဆိုရင် ဘာဝင်မှမရှိဘဲ ရပ်တည် နေရတယ်”

ဈေးသည်တွေက ၀န်ကြီးချုပ်ဆီ တင်ပြထားတဲ့စာမှာ စည်ပင်ကော်မတီက ယခုလိုဖျက်သိမ်းခိုင်းတဲ့အတွက် ဈေးသည်တွေမှာ အရမ်းစိတ်ထိခိုက်နေကြောင်း၊ အစားထိုးရောင်းချဖို့  နေရာပြန်လည်စီစဉ်မပေးတာဟာလည်း စာနာမှုကင်းမဲ့တဲ့လုပ်ရပ်ဖြစ်ကြောင်းနဲ့  ဆင်းရဲတဲ့ ဈေးသူ/ဈေးသားတွေရဲ့ ဆင်းရဲဒုက္ခတွေကို ၀န်ကြီးချုပ်နေနဲ့ သက်ညှာစွာ ဖြေရှင်းဆောင်ရွက်ပေးပါရန်တင်ပြပါကြောင်း ဆိုပြီး ရေးသားထားပါတယ်။

ဒီစာကို ဧရာဝတီတိုင်းဝန်ကြီးချုပ် ဖတ်ရှုပြီးရင်  ဆင်းရဲသားဈေးသည်တွေအတွက် ဘ၀ရပ်တည်ရေး အဆင်ပြေမယ့်အစီအမံတခုကို ချမှတ်လုပ်ဆောင်ပေးနိုင်မလား၊
ပျံကျဈေးတန်းတွေ အဖျက်ခံရပြီး ဆူဆူပူပူ၊ ရုန်းရင်းဆန်ခတ်တွေဖြစ်တာ၊ ဆန္ဒပြတာတွေပေါ်ပေါက်လာမလား
ဆိုတာတော့ မကြာခင် သိကြရမှာ ဖြစ်ပါတယ်။

ဆလိုင်းသန့်စင်


0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်