မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Saturday 19 July 2014

ကုလသမဂ္ဂမှ ''အစ္စလမ္မစ်နိုင်ငံတော်မုဒိမ်းမှုများ၊ ကလေးသူငယ်များအား အလွဲသုံးစားမှုများ ပြုလုပ်ခဲ့ကြောင်း စွပ်စွဲ

Myo Min Thant's photo.Myo Min Thant's photo.

ကုလသမဂ္ဂမှ 'အီရတ် နှင့် မြေထဲပင်လယ်အရှေ့ပိုင်းဒေသ အစ္စလမ္မစ်နိုင်ငံတော် (ISIL)' မှ 'အစ္စလမ္မစ်နိုင်ငံတော် (IS)' သို့ အမည်ပြောင်းလဲထားသော ဆွန်နီအကြမ်းဖက်အဖွဲ့အား သတ်ဖြတ်မှုများ၊ မုဒိမ်းမှုများ၊ ကလေးသူငယ်များအား အလွဲသုံးစားမှုများ ပြုလုပ်ခဲ့ကြောင်း စွပ်စွဲ
၁၉ ဇူလိုင်၊ ၂၀၁၄
ှ 'အီရတ် နှင့် မြေထဲပင်လယ်အရှေ့ပိုင်းဒေသ အစ္စလမ္မစ်နိုင်ငံတော် (ISIL)' မှ 'အစ္စလမ္မစ်နိုင်ငံတော် (IS)' သို့ အမည်ပြောင်းလဲထားသော ဆွန်နီ အစ္စလမ္မစ် အကြမ်းဖက်အဖွဲ့မှ တိုက်ခိုက်ရေးသမားများသည် အီရတ်နိုင်ငံအတွင်း ဘာသာရေးခေါင်းဆောင်များ၊ အခြား လူမှုနယ်ပယ်အသီးသီးမှ ခေါင်းဆောင်များ၊ ကျောင်းဆရာများ နှင့် ပရဟိတလူမှုကူညီရေး၊ ကယ်ဆယ်ရေးဆောင်ရွက်သူများ အားသတ်ဖြတ်ခြင်း၊ ကလေးသူငယ်များအား အဖွဲ့ဝင်အဖြစ် အဓမ္မသွတ်သွင်းခြင်း နှင့် အမျိုးသမီးများအား မုဒိမ်းကျင့်ခြင်း အပါအဝင် စစ်ရာဇဝတ်မှုမြောက်သော အမှုများကို ကျူးလွန်ခဲ့သည်ဟူ၍ ကုလသမဂ္ဂမှ စွပ်စွဲလိုက်သည်။
ကုလသမဂ္ဂမှ ထုတ်ပြန်သော ယင်းအစီရင်ခံစာသည်
အစ္စလမ္မစ်နိုင်ငံတော် (ယခင်အမည် ISIL) မှ သာမာန်အရပ်သားပြည်သူများကို ကျူးလွန်ခဲ့သော စစ်ရာဇဝတ်မှုမြောက်စေသော ဥပဒေချိုးဖောက်မှုများကို အဓိကထားလေ့လာ၍ ဖော်ပြထားခြင်း ဖြစ်သော်လည်း အီရတ်အစိုးရတပ်ဖွဲ့ဝင်များ နှင့် ၎င်းနှင့် တွဲဖက်လက်နက်ကိုင်တပ်ဖွဲ့များသည်လည်း သာမာန်အရပ်သားပြည်သူများအား အကြမ်းဖက်မှုမှ ကာကွယ်ရန် ကုလသမဂ္ဂမှ ကြိုတင်သတိပေးချက်များကို လိုက်နာခြင်းမရှိခဲ့ဟု ဖော်ပြထားသည်။
"(ဤပြစ်မှုများသည်) စစ်ရာဇဝတ်မှု မြောက်နိုင်သည်" ဟူ၍ အစီရင်ခံစာ၌ တွေ့ရှိချက်ကို သုံးသပ်ထားသည်။
အီရတ်နိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသော အကြမ်းဖက်မှုများအတွင်း အီရတ်သာမာန်အရပ်သားပြည်သူ ၅၆၇၆ ယောက် အသတ်ခံရပြီးဖြစ်သည်ဟူ၍ ကုလသမဂ္ဂမှ အသေးစိပ်တွက်ချက် စာရင်းထုတ်ပြန်ထားသည်။ ယင်းမှာ အယ်လ်ကိုင်ဒါမှ ခွဲထွက် ဆွန်နီအကြမ်းဖက်အဖွဲ့ 'အစ္စလမ္မစ် နိုင်ငံတော် IS' (ယခင်အမည် ISIL) မှ အီရတ်နိုင်ငံမြောက်ပိုင်းတဝန်းအား တိုက်ခိုက်သိမ်းပိုက်သည့်နောက် ထွက်ပေါ်လာသော ၎င်း၏အကျိုးဆက်ရလာဒ်ဖြစ်သည်။
"ISIL နှင့် ၎င်းနှင့်တွဲဖက် လက်နက်ကိုင်အဖွဲ့အစည်းများသည် ၎င်းတို့ပစ်မှတ်ထားရှိသော လုပ်ကြံသတ်ဖြတ်မှုများ (၎င်း၌ လူမှုအဖွဲ့အစည်း၊ နိုင်ငံရေး နှင့် ဘာသာရေးခေါင်းဆောင်များအား လုပ်ကြံခြင်း၊ အစိုးရဝန်ထမ်းများ၊ ပညာရေးနှင့် ပတ်သက်သော လုပ်ငန်းများ၌ အသက်မွေးဝမ်းကျောင်းပြုသူများ၊ ပရဟိတလူမှုကူညီရေး၊ ကယ်ဆယ်ရေးဆောင်ရွက်သူများအား လုပ်ကြံခြင်း၊ ..... စသည်တို့ ပါဝင်သည်။) ၊ အမျိုးသမီးများ နှင့် မိန်းကလေးများကို လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ၊ မုဒိမ်းကျင့်ခြင်း နှင့် အခြားသောပုံစံ လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်မှုများ၊ ၎င်းတို့၏ တပ်ဖွဲ့ဝင်အဖြစ် ကလေးသူငယ်များအား အဓမ္မ သွတ်သွင်းဝင်ရောက်စေခြင်း၊ ပြန်ပေးဆွဲမှုများ၊ သတ်ဖြတ်သုတ်သင်ခြင်းများ၊ လုယက်ဓားပြတိုက်ခြင်းများ......တို့ကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်သည်။"
ထို့အပြင် ISIL အဖွဲ့သည် ယဉ်ကျေးမှုဆိုင်ရာ (သို့မဟုတ်) သမိုင်းဝင် ထင်ရှားကျော်ကြားသော နယ်မြေ၊ အဆောက်အဦးများ နှင့် ဘာသာရေးအထိမ်းအမှတ် အဆောက်အဦးများအား တမင်တကာ ရမ်းရမ်းကားကား ဖျက်ဆီးခြင်း၊ ထိုနယ်မြေ၊ အဆောက်အဦးများ၌ သိမ်းဆည်း၊ အပူဇော်ခံ၊ ပြသထားသော အဖိုးတန်ပစ္စည်းများအားလည်း အဓမ္မယူငင်သွားခြင်းများ ပြုလုပ်ခဲ့သည် ဟူ၍လည်း အစီရင်ခံစာ၌ ဖော်ပြထားသည်။
အရွယ်မရောက်သေးသူများအား ကလေးစစ်သားအဖြစ်အသုံးချခြင်း နှင့် ၎င်းတို့တပ်ဖွဲ့ဝင်များအဖြစ် အဓမ္မသွတ်သွင်းလိုက်သော သတင်းအချက်အလက်များကို ရရှိထားပြီး ယင်းတို့မှာ မယုံကြည်နိုင်လောက်အောင်ပင် ထိတ်လန့်အံ့သြဖွယ်ကောင်းလှသည် ဟူ၍ အစီရင်ခံစာ၌ မှတ်ချက်ပြုထားသည်။
"နေ့စဉ်နေ့တိုင်း ကျွန်တော်တို့ လက်ခံကြားသိနေရသော၊ ကျွန်တော်တို့ထံ အပ်ကြောင်းထပ် လာရောက်ပြောဆိုတိုင်ကြားကြသော အကြောင်းအရာက အီရတ်ပြည်သူ ကလေး၊ လူကြီး၊ ကျား၊ မ အကုန် လူ့အခွင့်အရေးချိုးဖောက်ခံနေရတဲ့ အကြောင်းတွေပါ။ အီရတ်ပြည်သူတွေအတွက် အခြေခံကျန်းမာရေးစောင့်ရှောက်မှု၊ ပညာရေး၊ နေထိုရာအိုးအိမ်၊ ဘဝရပ်တည်မှု၊ လုံခြုံရေး နှင့် အခြားသော အခြေခံဝန်ဆောင်မှုတွေက လုံးဝကို ကင်းမဲ့နေပါတယ်။" ဟု ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး နာဗီ ပီလေ မှ ပြောကြားခဲ့သည်။
အစီရင်ခံစာ၌ အစိုးရတပ်ဖွဲ့ဝင်များ နှင့် ၎င်းနှင့်တွဲဖက် လက်နက်ကိုင်အုပ်စုများမှ ကျူးလွန်ခဲ့သော ချိုးဖောက်မှုများကိုလည်း "အကျဉ်းသားများ နှင့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများအား တရားစီရင်မှုမပါပဲ သတ်ပစ်ခြင်း (သို့မဟုတ်) ဥပဒေမဲ့ ပရမ်းပတာ သုတ်သင်ပစ်ခြင်း" များကို အထောက်အထားပြ၍ အသေးစိပ်ဖော်ပြထားသည်။ ယင်းတို့သည် ရာဇဝတ်မှုမြောက်နိုင်သည် ဟူ၍လည်း အစီရင်ခံစာ၌ ဆိုထားသည်။
အစီရင်ခံစာ၌ စုံစမ်းစစ်ဆေးမှုတစ်ခု၌ ပေါ်ပေါက်ခဲ့သော အဖြစ်မှန်တစ်ခုကိုလည်း ဖော်ပြထားသည်။ အစ္စလမ္မစ်နိုင်ငံတော် (IS) အဖွဲ့မှ မိုဆူးလ်မြို့ရှိ ထောင်တစ်ခုအတွင်းမှ ရှီးဟိုက်အကျဉ်းသား ၅၁၀ အား ထုတ်ယူပြီး လယ်ယာစိုက်ပျိုးရေးမြေကွက်လပ်တစ်နေရာသို့ ခေါ်ဆောင်သွားကာ ထိုနေရာ၌ အကျဉ်းသားများအား သတ်ပစ်လိုက်ကြသည်။ သို့ရာတွင် ကံကောင်းထောက်မသူ ၁၇ ဦး မှာမူ ထွက်ပြေးလွတ်မြောက်သွားခဲ့သည်။
၎င်းစစ်ဆေးမှုကို အီရတ်ပြည်ထဲရေးဝန်ကြီးဌာနမှ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ထွက်ပြေးလွတ်မြောက်ခဲ့သူတစ်ဦးထံမှ အချက်အလက်၊ သက်သေခံချက်များကို အဓိကရယူခဲ့ခြင်း ဖြစ်သည်။
အစိုးရ အခြေအနေ
အီရတ်နိုင်ငံ၌ ဇွန်လအတွင်း လူပေါင်း ၂၄၀၀ ဦး သေဆုံးခဲ့ပြီး ၎င်းတို့အနက် ၁၅၃၁ ဦး မှာ သာမာန်အရပ်သားပြည်သူများဖြစ်သည်ဟု ကုလသမဂ္ဂမှ ယခုလအစောပိုင်းက ထုတ်ပြန်ကြေငြာခဲ့သည်။
ကုလသမဂ္ဂ၏ အစီရင်ခံစာ၌ အီရတ်အစိုးရအား ဆိုးရွားလှသော ချိုးဖောက်မှုများအား အဖြစ်မှန်ပေါ်ပေါက်အောင် စုံစမ်းစစ်ဆေးပြီး ကျူးလွန်သူများကို ထိထိရောက်ရောက်အရေးယူ၊ နှိမ်နင်းပစ်ရန် တောင်းဆိုထားသည်။
သို့သော် ဘာသာရေး နှင့် လူမျိုးရေး အကွဲအပြဲများဖြင့် ရှုပ်ထွေးကမောက်ကမဖြစ်နေသောနိုင်ငံအား တာဝန်ယူနေရသော ရှီးဟိုက်ဦးဆောင်သော အီရတ် အိမ်စောင့်အစိုးရအနေဖြင့် နိုင်ငံအားကြီးမားစွာ ခြိမ်းခြောက်လျက်ရှိသော ဆွန်နီအစ္စလမ္မစ်အကြမ်းဖက်မှုများကို နှိမ်နင်းရန်ဆိုသည်မှာ စွမ်းရည်ပိုင်းဆိုင်ရာ၌ ကန့်သတ်မှုများ ရှိနေသည်။
အီရတ်လွှတ်တော်ရွေးကောက်ပွဲများ ပြီးဆုံးသွားခဲ့သည်မှာ သုံးလကျော်ကြာမြင့်ခဲ့ပြီဖြစ်သည့်တိုင်အောင် အီရတ်နိုင်ငံရေးသမားများအနေဖြင့် အစိုးရသစ်တစ်ရပ်ကို ဖွဲ့စည်းနိုင်ခြင်း မရှိသေးချေ။ ဝန်ကြီးချုပ် နူရီ အယ်လ်မာလီကီသည်လည်း သက်တမ်းနှစ်ကြိမ်ဆက်တိုက် တာဝန်ထမ်းခဲ့ပြီး ဖြစ်သည့်အတွက် နေရာမှ ဆင်းသက်ပေးရန် ဆွန်နီများ၊ ကာ့ဒ်များ နှင့် အချို့သော ရှီးဟိုက်များမှ ဖိအားပေးခြင်းကို ခံနေရသည်။ ဝေဖန်သူများက မာလီကီသည် ၎င်းပြိုင်ဖက်များ၏ အခန်းကဏ္ဍကို မှေးမှိန်အောင် ချိုးနှိမ်ထားသည်ဟု ဆိုကြသည်။
ဒဏ်ရာဒဏ်ချက်များနှင့် ပြည့်နှက်နေသော အီရတ်အစိုးရစစ်တပ်အနေဖြင့်လည်း ဆွန်နီအစ္စလမ္မစ်အကြမ်းဖက်တပ်ဖွဲ့များကို ရင်ဆိုင်တိုက်ပွဲများဆင်နွှဲရာ၌ ရှီးဟိုက်ပြည်သူ့စစ်များ နှင့် အရံတပ်ဖွဲ့တို့ကို ကြီးမားစွာ အားကိုးအားထား ပြုနေရသည်။ ပြီးခဲ့သည့်လအတွင်းက အီရတ်ပြည်သူ့စစ်များကို တပ်နေရာချထားပေးခဲ့ရာ၌ ၎င်းတို့မှ "မြောက်များစွာသော လုပ်ကြံမှုများ နှင့် သတ်ဖြတ်မှုများ" လုပ်ဆောင်ခဲ့သည်မှာ မှန်ကန်ကြောင်း၊ သို့ရာတွင် နောက်ပိုင်း၌ အခြေအနေပြောင်းလဲတိုးတက်ခဲ့ကြောင်း ရှီးဟိုက်လွှတ်တော်အမတ်တစ်ဦးမှ အီရတ်ပြည်သူ့စစ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။
အီရတ်နိုင်ငံအတွင်း လုံခြုံရေးအခြေအနေများ ဆိုးရွားသည်ထက် ဆိုးရွားလာနေသည့်အတွက် ၎င်းတို့အနေဖြင့် အခြေအနေများအား တိုက်ရိုက်စောင့်ကြည့်ခြင်း၊ အဖြစ်ပျက်များနှင့် ရရှိထားသော အချက်အလက်များအား မှန်၊ မမှန် စစ်ဆေးခြင်းများအား ပြုလုပ်ရန် မတတ်နိုင် ဖြစ်နေရကြောင်း ကုလသမဂ္ဂမှ မှတ်ချက်ပြုခဲ့သည်။ ကုလသမဂ္ဂအစီရင်ခံစာအရ ယခုနှစ်အတွင်း အီရတ်နိုင်ငံ၌ လူဦးရေ ၁.၂ သန်းကျော် အိုးအိမ်ပစ်ထွက်ပြေးနေရပြီး အခြေအနေမဲ့ ဖြစ်နေရသည်။
http://mobile.reuters.com/article/idUSKBN0FN0T720140718?irpc=932

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်