မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Friday 21 November 2014

ကရင်ပြည်နယ်တွင် ဟတ်ကြီးဆည်ကဲ့သို့ အလွန်ကြီးမားသည့်စီမံကိန်း တည်ဆောက်မည်ဆိုပါက...

ကရင်ပြည်နယ်တွင် ဟတ်ကြီးဆည်ကဲ့သို့ အလွန်ကြီးမားသည့်စီမံကိန်း တည်ဆောက်မည်ဆိုပါက ပြဿနာကြီးမားစွာပေါ်ပေါက်လာမည်ဟု ကေအင်န်ယူ ဒုတိယစစ်ဦးစီးချုပ် ပြောကြား
Published on: November 20, 2014
Written by:
နွဲ့ယဉ်အေး
KNU ဒုတိယစစ်ဦးစီးချုပ်နှင့် မီဒီယာများ တွေ့ဆုံစဉ် (ဓာတ်ပုံ-နွဲ့ယဉ်အေး)
ကရင်ပြည်နယ်တွင် ဟတ်ကြီးဆည်ကဲ့သို့ အလွန်ကြီးမားသည့် ဆည်စီမံကိန်း ဖော်ဆောင်မည်ဆိုပါက ပြဿနာကြီးမားစွာပေါ်ပေါက်လာမည်ဟု ကေအင်န်ယူ ဒုတိယစစ်ဦးစီးချုပ် General Baw Kyaw Hei က မြန်မာ-ထိုင်း မီဒီယာများနှင့် တွေ့ဆုံစဉ် ပြောကြားသည်။

“၂ဝဝ၆ ခုနှစ်ကတည်းက ဟတ်ကြီးဆည် တည်ဆောက်မယ့်အခြေအနေကို
ကြားခဲ့ပါတယ်။ ဒါပေမဲ့ အခုထိတော့ ဆည်ကို စတင်မတည်ဆောက်သေးပါဘူး။ အခု ၂ဝ၁၄ ခုနှစ်မှာ ဆည်ဆောက်ဖို့ သဘောတူညီချက် လက်မှတ်အသစ်ထိုးလိုက်တယ်လို့ သိရပါတယ်။
ဟတ်ကြီးဆည်က ကေအင်န်ယူ ထိန်းချုပ်နယ်မြေထဲမှာ ရှိနေတာဖြစ်ပါတယ်။ ကြားထားသလို သဘောတူညီချက် လက်မှတ်အသစ်ရေးထိုးလိုက်တာ မှန်ရင်တော့ ပြဿနာအကြီးကြီးပေါ်တော့မှာ အမှန်ဖြစ်ပါတယ်”ဟု ကေအင်န်ယူ ဒုတိယစစ်ဦးစီးချုပ် က ပြောကြားသည်။
အဆိုပါဆည်စီမံကိန်းနှင့် ပတ်သက်၍ ကေအင်န်ယူက တရားဝင်သတင်းအချက်အလက်ရရှိခြင်း မရှိကြောင်း၊ လက်ရှိတွင် ဆည်တည်ဆောက်မှုလုပ်ငန်း မစတင်သေးသော်လည်း နယ်မြေရှင်းလင်းမှုများကိုမူ စတင်နေပြီဖြစ်ကြောင်း သိရသည်။
“ကျွန်တော်တို့မှာ ရည်မှန်းချက်သုံးရပ် ရှိတယ်။ ပထမက အပစ်အခတ်ရပ်စဲရေး၊ ဒုတိယက နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုတွေ လုပ်ပြီးမှ တတိယက အခြေခံအဆောက်အအုံနဲ့ အကြီးစားဖွံ့ဖြိုးမှုစီမံကိန်းတွေလုပ်ဖို့ ဖြစ်တယ်။ ဒါပေမဲ့ မြန်မာအစိုးရက အပစ်အခတ်ရပ်စဲပြီး အကြီးစားစီမံကိန်းကြီးကို စတယ်။ ဒီလိုအကြီးစားစီမံကိန်းကြီးရဲ့ သက်ရောက်မှုက အားလုံး ပျက်စီးကုန်နိုင်တဲ့အတွက် လက်မခံနိုင်ပါဘူး”ဟု ၎င်းက ဆက်လက်ပြောကြားသည်။
လက်ရှိတွင် မြန်မာစစ်တပ်သည် လမ်းများဖောက်လုပ်ကာ အဆိုပါနယ်မြေထဲတွင် တပ်ရင်းများ တိုးမြှင့်ချထားသလို လက်နက်များလည်း ပို့ထားကြောင်း၊ ယခင်က ရဟတ်ယာဉ် မဆင်းနိုင်သော်လည်း ယခုအခါ ရဟတ်ယာဉ်ပါ ဆင်းနိုင်နေပြီဖြစ်သဖြင့် ၎င်းတို့အနေနှင့် မလုံခြုံမှုကို စတင်ခံစားနေရပြီဖြစ်ကြောင်း ၎င်းက ဆိုသည်။
ကေအင်န်ယူအနေနှင့် မြန်မာအစိုးရနှင့် ၂ဝ၁၂ ခုနှစ်တွင် ငြိမ်းချမ်းရေးဆွေးနွေးပွဲများ စတင်ပြုလုပ်ခဲ့ပြီး ၎င်းတို့၏ ရည်ရွယ်ချက်သုံးရပ်ကိုလည်း မြန်မာအစိုးရက လက်ခံခဲ့သော်လည်း လက်တွေ့တွင် သဘောတူထားသကဲ့သို့ လိုက်နာခြင်းမရှိဟု ဆိုသည်။
ဟတ်ကြီးဆည်ကို ကရင်ပြည်နယ် လှိုင်းဘွဲမြို့နယ်အတွင်း တည်ရှိပြီး မဂ္ဂါဝပ် ၁၃၆ဝ ထုတ်လုပ်နိုင်မည့် ပမာဏကြီးမားသည့် ရေအားလျှပ်စစ်စီမံကိန်းဖြစ်ကာ မြန်မာနိုင်ငံ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံအစိုးရပိုင် EGAT တို့က သဘောတူလက်မှတ်ရေးထိုးထားခြင်း ဖြစ်သည်။ ဟတ်ကြီးဆည်မှ ထုတ်သမျှ လျှပ်စစ်ဓာတ်အားအများစုကို ထိုင်းနိုင်ငံသို့ တင်ပို့သွားမည်ဖြစ်သည်။
news-eleven.com

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်