မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Thursday 25 September 2014

သိန္နီမြို့နယ် ရဲတပ်ဖွဲ့မှူး နားထင်ကို သေနတ်ဖြင့် ပစ်ပြီး အဆုံးစီရင်

သိန္နီမြို့နယ်ရဲတပ်ဖွဲ့ရုံးအတွင်းတွင် မြို့နယ်ရဲတပ်ဖွဲ့မှူးက မိမိကိုယ်ကိုယ် သေနတ်ဖြင့်ပစ်၍ အဆုံးစီရင်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။
စက်တင်ဘာ ၂၄ ရက် နံနက်၃ နာရီက မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးဝင်းမြင့်သည် ၎င်းကိုင်ဆောင်ထားသော သေနတ်ဖြင့် နားထင်ကို တေ့ပစ်ကာ အဆုံးစီရင်သွားခြင်း ဖြစ်သည်။ သေနတ်ဒဏ်ရာဖြင့် ညည်းညူနေသည့် ရဲတပ်ဖွဲ့မှူးအား အပြင်မှ ပြန်ရောက်လာသော သားဖြစ်သူက တွေ့ရှိရာမှ အော်ဟစ်အကူအညီတောင်းသဖြင့် စခန်းရုံးတာဝန်ရှိသူများ ရောက်ရှိလာပြီး
ဆေးရုံသို့ပို့ဆောင်ပေးခဲ့သော်လည်း နာရီပိုင်းအတွင်း သေဆုံးသွားခြင်းဖြစ်သည်။
 ‘‘သီတင်းကျွတ်နီးတော့ ဗြောက်အိုးတွေဖောက်တဲ့အသံနဲ့ ဆိုတော့ သေနတ်သံကို သတိမထားမိလိုက်ဘူး။ ဆေးရုံပို့တဲ့အချိန်မှာ ခါးမှာ သေနတ်ပါမလာတာကို သတိထားမိလို့ ပြန်လာပြီး စစ်ကြည့်တဲ့အချိန်မှာ သေနတ်ကျည်ဆန်ခွံရယ်၊ သေနတ်ရယ် တွေ့ရလို့ ကိုယ်ကိုယ့်ကိုယ်လုပ်ကြံသွားတာလို့ ယူဆထားတယ်’’ ဟု သိန္နီမြို့မရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
သေဆုံးသူရဲမှူးမှာ သိန္နီမြို့ သို့ ၂၀၁၄ ခုနှစ် ဧပြီလတွင် စတင်ရောက်ရှိ တာဝန်ထမ်းဆောင်ခဲ့ပြီး မသေဆုံးမီ  တစ်ရက်အလိုတွင် သိန္နီဆကခ (၁၆) တပ်အတွင်း အစည်းအဝေးသို့ တက်ရောက်ခဲ့ကြောင်း ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ အချို့က ပြောသည်။
‘‘ရဲမှူးက အလုပ်အပေါ်မှာ သိပ်ပြီး စိတ်ပူတတ်လို့ စိတ်ဖိစီးမှုများလာမှာစိုးလို့ မကြာခဏ သတိပေးနေရတယ်။ အဲဒီနေ့က အစည်းအဝေးသွားပြီး ပြန်လာကတည်းက ယူနီဖောင်းနဲ့ သေနတ်ကို မချွတ်တော့ဘူး။ ညကျတော့လည်း အိမ်မှာ ပြန်မအိပ်ဘဲ ရုံးပေါ်မှာပဲ အိပ်တာ၊ သူ့အမျိုးသမီးကိုတော့ ကင်းစစ်သွားမယ်လို့ ပြောခဲ့တယ်ဆိုပြီး သိရပါတယ်’’ ဟု သိန္နီမြို့မ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်အချို့က ပြောသည်။
သေဆုံးသူ ရဲမှူးမှာ စက်တင်ဘာ ၁၂ ရက်တွင် ယခင်က ၎င်းကိုင်ဆောင်ခဲ့သည့် ပွိုင့် ၁၂ အမျိုးအစား သေနတ်ကို ပြန်လည်အပ်နှံပြီး ယခုအဆုံးစီရင်ရာ တွင် ပွိုင့် (၃၈)၀စ်ဘလီ အမျိုးအစား ခြောက်လုံးပြူးသေနတ်ကို အသုံးပြုခဲ့ကြောင်း သိရသည်။
သေဆုံးသူရဲမှူးတွင် ဇနီးနှင့် သားနှစ်ဦး၊ သမီးတစ်ဦး ကျန်ရှိခဲ့သည်။  ရဲမှူး သေဆုံးမှုအတွက် သိန္နီမြို့မ ရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် (၅/၂၀၁၄) ဖြင့် အမှုဖွင့် ဆောင်ရွက်လျက်ရှိသည်။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်