Wednesday, 9 October 2013
ဖော်ကောင် အလိုရှိသည်
ကိုယ်ရေးမယ့် ခေါင်းစဉ်လေးတော့ အတွေးရပါရဲ့။ မရည်ရွယ်စကောင်းတွေလည်း ရည်ရွယ်ရင်း ပါတန်သလောက် ပါပါရဲ့။ စာပေဒေါသသင့်မှုဆိုတာလည်း စာသင်ခန်းထဲမှာကျန်ရစ်ခဲ့သလောက် ရှိပြီမို့ ဆရာမောင်ခင်မင်(ဓနုဖြူ)က ငါ့တပည့် ညံ့ချက်ကတော့ကွာ လို့ဆိုရင်လည်း ကန်တော့ကာ တောင်းပန်လိုက်ချင်ပါရဲ့။ ရင်ထဲက ကျိတ်ပြီးစောင့်လာတာမို့ တကယ့်ကို ဖော်ကောင်လေးများ အလိုရှိတာကိုလည်း ဆရာကြီးများ ခွင့်လွှတ်စာနာတန်ကောင်းပါရဲ့။
ဖော်ကောင်ဆိုတာ သစ္စာဖောက်လားလို့ တွေးကြည့်လိုက်သေးတော့ ဖော်ကောင်အလိုရှိသူရဲ့ အဖြေက ခေါင်းတစ်ခါခါပေါ့။ လူ့သဘာဝလေ .. ဖော်ကောင်ကို သစ္စာဖောက်လို့ဆိုရင် နဂိုက ငုတ်ကောင်တွေ ဘယ်လာ ဖော်ရဲပါ့မလဲ။ ကျောင်းမှာတော့ ဖော်ကောင်လုပ်တဲ့သူဆို သူငယ်ချင်းတော်တော်များများက ရက်သတ္တပတ် နှစ်ပတ်လောက်ကို စကားမပြော၊ မုန့်မကျွေး ပြစ်ဒဏ်ပေးလိုက်ပြီး အသာလေးငြိမ်သွားတော့မှ ကြည့်လိုက်တော့ ပုခုံးဖက်ကာ တစ်ပြုံးပြုံးနဲ့။ အော် သို့သော်ငြားလည်း မိန်းကလေးချင်းဆိုရင်တော့ အတော်ကြာ ဖော်ကောင်လေး ခမျာ သူငယ်ချင်းတွေရဲ့ ပြစ်ဒဏ်ကို ခံရရှာတာလား။ ငေါ့ကာ ထေ့ကာနှင့် စကားတင်းကို မခံချင်အောင်ကို မကြားတကြားပြောလည်း ခံရ။ ခက် ခက်ပါဘိ။
ကျွန်မတို့မြန်မာစကားမှာ ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော် ဆိုတဲ့စကားကရှိနှင့်တော့ စာတတ်ပေတတ်ပုဂ္ဂိုလ်များ ကလည်း ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော်လို့များ တွေးပြီး ဖော်ကောင် မလုပ်ကြတာများလားပေါ့။ ကိုယ့်ဂုဏ်ကိုယ်ကျူးရင့် နေရင်၊ ဗမာပြည်အားကျွန်တော်ကယ်တင်ခဲ့သည် လို့ ဆိုရင်တော့ မသူတော်လို့ မပြောလိုပါဘူး။ ဘာကို ကယ်တင် လိုက်တာပါလဲ။ ဘယ်လိုအခြေအနေမျိုးကြောင့် ကယ်တင်လိုက်တာပါလဲ။ ရေးသူကတော့ ညံ့ပါ့လို့ ဆိုချင်ဆို ကယ်တင်လိုက်တာ ဒီလို အဖြစ်မျိုးလားလို့ ၊ အုတ်ရောရော ကျောက်ရောရော ခုတော့ သဲရောရော ဖြစ်သမျှလည်း ငူတူတူ ငေါင်တောင်တောင် ကျန်ရစ်ခဲ့တဲ့ ကျွန်မတို့လိုလူတန်းစားခမျာ … ငါတို့လက်ထက် ဒီလိုမဖြစ်စေရဘူးလို့
ဆိုပြီး သင်ခန်းစာယူရအောင်လည်း ရလဒ်ကိုသာသိပြီး အကြောင်းတရားကို မသိရတော့ ဒီလိုရလဒ်မျိုး ဝေးဝေးကရှောင် ….. သို့သော်ငြားလည်း ဘာ့ကြောင့် ဒီလိုရလဒ်မျိုးတွေ ဖြစ်လာမှန်းမသိတော့ အာမခံလို့က ခက်ပါဘိ။ သိတာက နော်အုန်းလှ ထောင်နှစ်နှစ်ကျသွားတယ်။ ရော် .... ပုဒ်မ ၁၈ မဟုတ်ပြန်ဘူး တဲ့။ ပုဒ်မက ဘာဆိုလား။ ဒါပေမယ့် ပုဒ်မနံပါတ် သိစရာမလို။ ထောင်မကျချင်ရင် နော်အုန်းလှ ဘာလုပ်လို့ထောင်ကျလဲ သိရင် ရှောင်နိုင်ပြီပေါ့။ ဒီတော့ ထောင်မကျချင်ရင်၊ နော်အုန်းလှနောက်မလိုက်ချင်ရင် သူ့လမ်းစဉ်ကို ရှောင်။ ဟုတ်ပါ့။ တိုင်းပြည်က နှစ်ငါးဆယ်လောက် နောက်ကျပြီဆိုတော့ ယောက်ျား၊ မိန်းမယူတာကလွဲလို့ အကုန်နောက် ကျတာလေ။ ဘယ်ဟာမှ နောက်မကျတာမရှိဘူး။ တိုင်းပြည်က အနှစ်ငါးဆယ်လောက် နောက်ကျကျန်ရစ်ခဲ့တာ ငါတို့ လည်း ဘွဲ့ကို ငါးနှစ်လောက်နောက်ကျပြီးမှ ယူတောင် တိုင်းပြည်ခေါင်းဆောင်ကြီးတွေလောက် မဆိုး သေးဘူး။ အဲသလို စဉ်းစားမယ့်လူမရှိဘူးများ မထင်လေနဲ့။ တိုင်းပြည်နောက်ကျကျန်ရစ်တဲ့အထဲမှာ တိုင်းသူပြည်သားလူအများတို့ အတွေးအခေါ်လည်း နောက်ကျနဲ့ပေါ့။ ဒါပေမယ့် ဒါလေးတော့ တိုးတိုးလေးပြောပါရစေ။ နဂိုကမှ တိုင်းသူပြည်သားဥာဏ်မမီလို့ စာနယ်ဇင်းခမျာ မလွတ်မလပ်နဲ့ ဒုက္ခကြုံရတာ သူ့စကားကိုယ့်စကားကြောင့် အတည်ပြုချက်ယူသလို ဖြစ်မှာ စိုးမိသေးပါရဲ့။
ဘုရားရှင်ကိုယ်တော်မြတ်ကြီးက အတိတ်ကံကြောင့် ချွတ်လို့မရတဲ့ လူတွေသာရှိခဲ့တာ ဥာဏ်မမီလို့ မဟောမပြောခဲ့တာများ ရှိရင်မျှကြပါဦး ဆိုချင်ရဲ့။ ဒါမှမဟုတ် ဘုရားရှင်ကိုယ်တော်မြတ်လက်ထက်တော်က အားလုံးသော လူအပေါင်း ဥာဏ်ကိုမီကြပုံပေါ်ပါရဲ့။ တို့ဘုရားရှင်ကိုယ်တော်မြတ်ကြီးက ဇာတ်နိပါတ်တွေနဲ့ ဟောတော်မူခဲ့တာများ ဇာတ်တော် မနည်းပေါင်။ ၅၅၀ တောင် ရှိသတဲ့။ တို့ဘုရားရှင် သဗ္ဗညုတဥာဏ်တော်ကို ရခိုက် ငါ့တရားတော်များနဲ့ ဥာဏ်မမီကြဘူးကွဲ့လို့ဆိုရင်လည်း မမီပါဘုရား၊ နှမ်းတစ်စေ့မျှပင် မမီသေးပါဘုရား လို့ အမှန်ကိုသာ လျှောက်တင်ခဲ့မှာအမှန်။ သို့ပေမယ့် ကိုယ်တော်မြတ်ကျေးဇူးက ကြီးလှပါ့။ ဗုဒ္ဓရှင်တော်ဘုရားခမျာ လူသားတွေကို သံသရာကလွတ်စေချင်လွန်းလို့ ပုံပြင်တွေ ပြောလိုက်ရတာများ ဂုဏ်ကျေးဇူးကြီးမြတ်လှပါတယ်။
ခုတော့ ဥာဏ်လေးအစာကျွေးဖို့၊ နှလုံးသားလေး အာဟာရဖြည့်ဖို့ ဘာလုပ်ကြမတုန်း။ ပြည်သူပြည်သားလူအများတို့ နိဗ္ဓာန်မျက်မှောက်ပြုဖို့အားထုတ်ချင်ရင်ဖြင့် ၀ီရိယလေးသာစိုက်၊ ဇွဲလေးသာရှိ၊ လုံ့လလေးသာပြု ထမင်းအလကားကျွေးပြီး သင်ကြားပေးမယ့် သံဃာတော်တွေ ဥာဏ်မမီလို့ မောင်းမထုတ်ပါဘူး။ ဥာဏ်မရှိလို့ ဆည်းကပ်တာ သံဃာတော်မြတ်များက သိပြီးသားမို့။ ကိုယ့်ဘက်ကသာ ဆန္ဒရှိ ၀မ်းမြောက် ၀မ်းသာ ကြိုဆိုကြမှာ မလွဲ။
ခုတော့ နိဗ္ဓာန် အသာထား။ တိုင်းပြည်တိုးတက်ရေး ကြံဆောင်ကြချိန်ဆိုတော့ အကြံယွင်းပါး၊ အမှားကြီးများ မှားခဲ့ကြပြီလားမဆိုနိုင်။ ရှေ့လူက ဘာလုပ်ခဲ့မှန်းမသိ။ အလယ်လူက စကားပဲ ၀ဲသွားတာလား။ အသွားမတော် တစ်လှမ်း၊ အစားမတော် တစ်ခြင်းများ ဖြစ်သွားတာလား။ ယတြာပေးသူကများ အခါမှားသွားတာလား။ ဒါမှမဟုတ် တပည့်မကောင်းလို့ ဆရာအရူးဖြစ်ကျန်ခဲ့တာလား။ ရော် …..အဖြေတွေအားလုံးက အမှောင်ထဲမှာ။
အမိန့်ကြောင့်လုပ်ခဲ့ရတာပါ လို့ ဆိုတဲ့လူတွေပေါ်လာပါရဲ့။ ဒါပေမယ့် ပိုပြီး တိကျတဲ့အကြောင်းလေးက လိုပါသေးတယ်။ ဘယ်သူကအမိန့်ပေးတာလဲ။ အမိန့်ပေးခွင့်ရှိတဲ့လူကိုရော အမိန့်နာခံတဲ့လူက သိခွင့်ရှိပါသလား။ ဒီအမိန့်အပေါ်မှာ သာသာထိုးထိုးဆောင်ရွက်တဲ့လူကရော ရှိသေးလား။ ကြောက်ကြောက်ရွံ့ရွံ့ ဆောင်ရွက်တာ ကော မြင်ခဲ့ဘူးသလား။ အမိန့်က ဒေါသသင့်အမိန့်လား။ ကြောင်းကျိုးဆင်ခြင် ပညာရှင်ပေးတဲ့အမိန့်လား။
ကျွန်မတို့မှာတော့ နေပြည်တော်ကြီးက ဒဏ္ဍာရီအလား ပေါ်ထွက်လာတဲ့ မင်းနေပြည်တော်ကြီး။ ရန်ကုန်မြို့မှာရှိနေတဲ့ ၀န်ကြီးရုံးများ အခိုင်အမာရှိလျက် နေပြည်တော်ကို တိုင်းပြည်ဘဏ္ဍာတွေ အကုန်ခံ ပြီးတည်လိုက်တာ ဘယ်သူ့အတွေးအခေါ်နဲ့ ဘယ်လိုအကြောင်းအကျိုးဆက်စပ်မှုပါလိမ့်။ ဒါတွေကို ဘယ်သူက ပြောပြမှာလဲ။ ကြပ်ပြေးနန်းတွင်းအရှုပ်တော်ပုံကိုဟာ အားကိုးလောက်တဲ့ စာပေတစ်ရပ်လို့ ကျွန်မ မထင်ပါဘူး။
တာတေစနေသား ဦးနု ကတော့ သူ့အကြောင်းလေး ပြောပြခဲ့ပါရဲ့။ သူ့ခေတ်က နိုင်ငံရေး၊ သူ့ဘ၀ နိုင်ငံရေး။ ဖော်ကောင်လုပ်သမျှ သိလိုက်ရရဲ့။ အစကတော့ တိုင်းပြည်ကို လက်ညှိုးထိုးရောင်းစားခဲ့သူရယ်လို့ ဖောင်ကြီး သင်တန်းမှာ ပို့ချတော့ အူလည်လည်။ အမေတို့ပြောတဲ့ ဦးနုခေတ်က တစ်မျိုးပါလားလို့ တွေးရင်းမော ခဲ့ပေမယ့် တာတေစနေသားလည်း ဖတ်ပြီးရော အော် ဒီလိုဒီပုံ နစ်ရရှာတာလား။ ရေကူးမတတ် လို့မဟုတ်၊ သူငယ်ချင်းတစ်စုက လက်နက်ကိုယ်စီနဲ့ ရေထဲ ဆွဲနှစ်ခံလိုက်ရတာပါလား။ ဆောင်ရန် ရှောင်ရန်ပေါ့လေ။
စနေသားနောက် အုပ်ချုပ်သူက မိန့်ခွန်းတချက် သေနတ်တစ်လက်နဲ့ ထားရစ်ခဲ့တာ ဘာကြောင့်များ ပါလိမ့်။ စစ်သားက မှန်အောင်ပစ်သတဲ့လား။ ဟုတ်ပါ့ စစ်သားက မှန်အောင်ပစ်တယ်။ မိုးပေါ်ထောင် မပြစ်ဘူး လို့ တိုင်းသူပြည်သားကို ခြိမ်းခြောက် .. အဲလေ ဆုံးမခဲ့တာ နားမ၀င်တော့ သေရုံပေါ့။ ဒီလို သင်ခန်းစာလေးကလည်း ယူတတ်ဦးမှ။ အော် ယူတတ်ပြန်တော့လည်း လူတွေအားလုံးတစ်ပြေးညီတာမှမဟုတ်ဘဲ သင်ခန်းစာပေးတာ နားမ၀င်ဘဲရှိပြန်တော့ ကမ္ဘာ့အလယ် ဥာဏ်တင့်တယ်လေး ဖြစ်အောင် စီမံတတ်သူက စီမံရှာပါတယ်။ ဒီတော့ ကိုဇာဂနာရဲ့ ပထမတို့ ဒုတိယတို့၊ မသီတာရဲ့ စမ်းချောင်း၊ အင်းစိန်တို့၊ ဦးဝင်းတင်ရဲ့ လူ့ငရဲ တို့ပေါ်လာစရာ အကြောင်းက ဖန်ပေမယ့် စီမံရတဲ့ အကြောင်းရင်းက ပြည်ထောင်စုမပြိုကွဲရေးလား၊ အချုပ်အခြာ အာဏာတည်တံ့ ခိုင်မြဲရေးလား။ ပြည်ပအားကိုး ပုဆိန်ရိုးလို့ ဆိုသာဆိုခဲ့ပြီး ခုတော့ နိုင်ငံခြားရင်းနှီးမြှပ်နှံမှုတွေ တောင့်တ လိုလား ကြပြန်တော့ ပြည်ပအားကိုး မျိုးချစ်တို့အမျိုး လို့ ဆိုရပြန်တာ ဘယ်လိုအကြောင်းတွေပါလိမ့်။ အကျီလဲရင် အတွေးအခေါ် ပြောင်းတယ်လို့သာ မှတ်ကုန်ပေရော့။ ညံ့ချက်ကတော့ ကမ်းကုန်ပါ စာဖတ်သူ။ ကျွန်မကတော့ ညံ့ချက်က ကမ်းကုန်။
ဦးနုကိုယ်တိုင်က ဒေါက်တာမောင်မောင်ဆို ကျွန်တော်ယုံတယ်လို့ မှတ်ချက်ပေးခဲ့ ဒေါက်တာမောင်မောင်ကတော့ ၈၈ အရေးတော်ပုံ စာအုပ်လေးနဲ့ ဖော်ကောင်လုပ်သမျှ နှလုံးနှစ်ပြီး ၀မ်းသာရပါရဲ့။ ဒါတောင် အတွဲ ၁ ပဲ လက်ထဲရောက်ရတာ။ သူ့အကြောင်းလေးရေးတော့ သူ့ပတ်ဝန်းကျင်ကိုသိရ။ သူ့ခံယူချက်လးမြင်တော့ သူ့စေ တနာကို မှန်းရ။ သူ့အလုပ်ကလေးသိတော့ သင်ခန်းစာကယူလို့ရ။ လမ်းစဉ်ပါတီဆရာကြီး အကြောင်းလေးလည်း သိရ။မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ပြုပုံလေး တစ်စေ့တစ်စောင်းက ism သမားအတွက် လက်တွေ့သင်ခန်းစာ ယူစရာမလိုတော့။ စာတွေ့က လုံလောက်ပြီ။ နိုင်ငံကြီးသားတစ်ဦးရဲ့ ဖော်ကောင်မှတ်တမ်းတစ်ပုဒ်ဟာ ကမ္ဘာတည် စေသော်ဝ်။
` ဒါတောင် ကြားဖူးနားဝရှိတဲ့ လမ်းစဉ်ပါတီဥက္ကဋ္ဌကြီး အောက်တော်ပါ လက်အောက်ငယ်သားတွေရဲ့ လက်တစ်လုံးကြား လိမ်ပုံလေးများတော့ ဒေါက်တာမောင်မောင့်စာအုပ်ထဲမတွေ့ရပါဘူး။ အခါတစ်ပါးတုန်းက လမ်းစဉ်ပါတီ ဥက္ကကြီးတိုင်းခန်း သမ၀ါယမဆိုင်တွေလှည့်လည်ခိုက် သမ၀ါယမလူကြီးခမျာ ဈေးပေါ်က ပစ္စည်းတွေငှား။ သမ၀ါယမ ဆိုင်လေးမှာ ခင်းကျင်း။ အပြင်မှာ နှစ်ဆယ်လောက်ပေးရတဲ့ဖိနပ်ကို ရှစ်ကျပ်လောက် တံဆိပ်လေးတွေကပ်တာများ ဥက္ကဋ္ဌကြီးကတော့ လမ်းစဉ်ပါတီကြီးအောင်မြင်ပြီ လို့ စိတ်ထဲ လက်သီးလက်မောင်း တန်းနေရှာ မှာလေ။ ကျွန်မတို့လူမျိုးက ထိုင်ကန်တော့ဖို့သာ ၀န်လေးတာ လိမ်ဖို့ဆိုရင် လက်တန်း။ အဲဒီတုန်းက ကျွန်မတို့ကငယ်ငယ်ရယ် ၀န်ကြီးဦးဘိုနီခမျာ စန္ဒယားတစ်လုံးသွင်းလာလို့ ထောင်နန်းစံခဲ့ရတာ မှတ်မိပေမယ့် အကျိုးသင့် အကြောင်းသင့်တော့ဖော်ကောင်လုပ်ဖို့က အချက်အလက်မရှိပြန်။ အမှောင်ခေတ်ကလူကိုး။
ကျွန်မက ဖော်ကောင်အလိုရှိသည်လို့ပြောတော့ အပုပ်ချနိုင်ငံရေးလုပ်ချင်လို့။ ပွဲဆူအောင် တမင်သက်သက် ဖန်တီးတာလို့ အထင်ရောက်နိုင်ပါရဲ့။ ကဲ ကျွန်မတို့ စာဖတ်သူတို့ အမေရိကန်နိုင်ငံသမ္မတများ တာဝန်ုပြီးဆုံးတာနဲ့ သူတို့အကြောင်း ရေးကြတာ ခုခေတ်ပိုင်းတွေ့မိပါရဲ့။ လုပ်ခဲ့တဲ့အလုပ်ကလေးတွေ ပြဌာန်းခဲ့တဲ့ ဥပဒေတွေ စသဖြင့်ပေါ့လေ။ ကျွန်မတို့ရော နိုင်ငံအုပ်ချုပ်မင်းလုပ်ခဲ့သူများ ဘာတွေက မှားလို့ ဘာတွေက မှန်ခဲ့တာလဲ။ င ငါးလုံးတို့ဘာတို့တွေ ကိုယ်တိုင်ကိုယ်ကျ ကျင့်သုံးခဲ့တာလား။ သခင်သန်းထွန်း၏ နောက်ဆုံးနေ့များကို ဖတ်ရတဲ့အခါ ကိုယ်ချင်းစာစိတ်တွေလည်း ဖြစ်ရ။ အစွန်းရောက်ဝါဒီတွေရဲ့ ခံစားချက်တွေကိုလည်း မျှဝေခံစားရ။ ကွန်မြူနစ်ဘ၀ကိုရော တောခိုသူဘ၀ကိုရော သိနားလည်ရတာ အမှန်ပါပဲ။
ကိုယ့်အကြောင်းရေးရင် ကိုယ့်အထက်လူအကြောင်းက ချန်ထားလို့မရသလို ကိုယ့်လုပ်ဖော်ကိုင်ဖက် တွေကလည်း နောက်ကကျန်မနေခဲ့တော့ ခေတ်ပုံရိပ်က မြင်သာထင်သာရှိပါရဲ့။
နိုင်ငံခြားရေးဝန်ကြီးတစ်ဦးရဲ့နာရေးကိုဖတ်မိတော့ အော် ကျွန်တော် လိမ်ခဲ့ရသမျှ ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ စာတစ်အုပ်များချန်မထားခဲ့ဘူးရယ် လို့ တွေးမိတာ အသေအချာပါပဲ။ ကိုယ့်တိုင်းပြည်က လူကြီးသူမတွေအတွက် နိုင်ငံတကာမှာ ဖေးဖေးမမလေး ပြောခဲ့ရမှာပါပဲ။ ဖေးမရာကနေ အမှန်ကို ကွယ်ထားခဲ့ဘူးမှာပဲ။ ဘာကြောင့်လဲ။ ဘာအတွက်လဲ။ ပြည်သူတွေရဲ့ ထင်တစ်လုံးတွေပျောက်ကုန်ပြီး အမှန်တရားတွေ အခက်အခဲတွေ၊ နောက် သေချာလှတဲ့ လူတွေမရှောင်နိုင်တဲ့ လူ့သဘာဝတွေ အများကြီး ကျန်ရစ်ခဲ့မှာပါ။
ငါးဆယ်စာမျှသော နှစ်တွေဟာ လူ့သက်တမ်းအရဆို သုံးပုံ နှစ်ပုံ ကုန်ခဲ့ပါပြီ။ သုံးပုံနှစ်ပုံစာ မှားခဲ့တဲ့ အမှားတွေဟာ စွဲကိုင်တဲ့လမ်းစဉ်၊ အာဏာရဲ့ မက်မောစရာ။ လုပ်ဖော်ကိုင်ဖက်ရဲ့ ဆင်ခြင်တုံတရား၊ ပတ်ဝန်းကျင်ရဲ့ စာရိတ္တအားနည်းမှု စသဖြင့် များစွာသော အချက်အလက်တွေကြောင့်ဖြစ်ခဲ့တာ အမှန်တရားပါပဲ။ ဒီအမှန်တရားဟာ သမိုင်း။ ကျွန်မတို့ မအ စေဖို့ သမိုင်းကို သိရမယ်တဲ့ ဆရာကြီးဒေါက်တာသန်းထွန်းပြောခဲ့တာလေး ရင်ထဲ ကျန်နေပါတယ်။
ဖော်ကောင်သမားများရဲ့ အန္တရယ်များ တွေးမိပါရဲ့။ သို့ပေငြားလည်း တရားစီရင်ရေးမှာ အစိုးရသက်သေ ဖြစ်သွားတဲ့တရားခံတွေရှိ ရှိကြပါရဲ့။ ဒီတော့…
မျိုးဆက်သစ်………. ဖတ်ကြပေတော့ နိုင်ငံတကာ ဖော်ကောင်များရဲ့ အတ္ထုပ္ပတ္တိ။ ယူပေတော့ သင်ခန်းစာ။ ပြဌာန်းကြတော့ ဥပဒေ။
ဘာရာဒွါဂျာ (မြန်မာပြည်)
ဘာရာဒွါဂျာ (မြန်မာပြည်) ရဲ့ ဆောင်းပါးတွေကို http://blog.irrawaddy.org/search/label/Bharadwaj မှာ တစုဝေး ဖတ်နိုင်ပါတယ်။
Subscribe to:
Post Comments (Atom)
0 မှတ်ချက်ပြုသည်။:
Post a Comment
အောင်ရဲရင့်