မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Monday 26 January 2015

မန္တလေးနန်းတွင်းရှိ စစ်အကျဉ်းထောင်မှ အကျဉ်းသားရှစ်ဦး အစောင့်တပ်ကြပ်ကြီးကိုသတ်၍ ထွက်ပြေးမှုဖြစ်ပွား




မန္တလေးနန်းတွင်းရှိ အမှတ် (၁) စစ်အကျဉ်းထောင်မှ တပ်သားအဆင့်ရှိ အကျဉ်းသားရှစ်ဦးသည် အစောင့်တပ်ကြပ်ကြီးကို သတ်၍ ဇန်နဝါရီ ၂၅ ရက်က ထွက်ပြေးလွတ်မြောက်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ဖြစ်စဉ်မှာ ဇန်နဝါရီ ၂၅ ရက် နံနက် ၃ နာရီဝန်းကျင်ခန့်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး ၎င်းတို့သည် အကျဉ်းထောင်ဖောက်၍ ကျုံးရေပြင်ကိုကူးဖြတ်ကာ နန်းမြို့ရိုးမြောက်ဘက် ၇၈ လမ်းအတိုင်း ထွက်ပြေးသွားခြင်းဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
“အကျဉ်းကျခံနေရတဲ့ တပ်သားရှစ်ဦး လွတ်မြောက်သွားပါတယ်။ အစောင့်တပ်ကြပ်ကြီးကို ထိုးသွင်းဒဏ်ရာတွေနဲ့ သေဆုံးနေတာကို
တွေ့ရတယ်။ မနက် ၃ နာရီလောက်ကလို့ ခန့်မှန်းရတယ်”ဟု မြန်မာနိုင်ငံရဲတပ်ဖွဲ့ဌာနချုပ်မှ အကြီးတန်းရဲအရာရှိကြီးက အတည်ပြုပြောကြားသည်။
၎င်းတို့အား ပြန်လည်ဖမ်းဆီးနိုင်ရေးအတွက် နယ်မြေခံရဲတပ်ဖွဲ့ဝင်များအား အကြောင်းကြားထားပြီး မန္တလေးအဝင်အထွက်ဂိတ်များကို ပိတ်ဆို့ရှာဖွေလျက်ရှိကြောင်း မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထွက်ပြေးလွတ်မြောက်သွားသော စစ်ပြေးများသည် ၇၈ လမ်းနှင့် ၁၁ လမ်းထောင့်ရှိ လက်ဖက်ရည်ဆိုင်အပြင်ဘက်တွင် လှန်းထားသော အဝတ်အစားများကို ခိုးယူသွားခဲ့ကြောင်းလည်း သိရသည်။
“ရေစိုအဝတ်တွေနဲ့ လူရှစ်ယောက် လက်ဖက်ရည်ဆိုင်က အဝတ်တွေယူနေတာကို အနီးမှာရှိတဲ့သူတချို့ကမြင်တော့ ဝိုင်းပြီး ဖမ်းကြပေမယ့် လွတ်မြောက်သွားတယ်။ လက်ဖက်ရည်ဆိုင်က စားပွဲထိုးကလေးရဲ့ အဝတ်တစ်စုံပဲ ပါသွားတယ်လို့ သိရတယ်”ဟု နန်းမြို့ရိုးမြောက်ဘက် ၇၈ လမ်းတွင်နေထိုင်သူတစ်ဦးက ပြောကြားသည်။
အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မန္တလေးနန်းတွင်းရှိ အကျဉ်းထောင်မှ တာဝန်ရှိသူများအား မေးမြန်းရန်သွားရောက်ခဲ့သော်လည်း တာဝန်ကျတပ်သားတစ်ဦးက “မည်သူမျှဝင်ခွင့်မပေးရန် ညွှန်ကြားထားကြောင်း” ပြန်လည်ဖြေကြားသည်။
အဆိုပါ မန္တလေးနန်းတွင်း စစ်အကျဉ်းထောင်သည် မန္တလေးဗဟိုအကျဉ်းထောင် မတည်ရှိမီက အရပ်ဘက်အကျဉ်းထောင်အဖြစ် အသုံးပြုခဲ့ကြောင်း သိရသည်။

Writer: ငြိမ်းဇော်လင်း၊ ယဉ်မျိုးသွယ်
အကျဉ်းသားရှစ်ဦး ထွက်ပြေးလွတ်မြောက်သွားသည့် နန်းတွင်းစစ်အကျဉ်းထောင်အား တွေ့ရစဉ်
: http://www.news-eleven.com/…/%E1%80%99%E1%82%8F%E1%81%B1%E1…

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်