မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Thursday 30 July 2015

သမ္မတဦးသိန်းစိန် ဒုတိယသက်တမ်း ထမ်းဆောင်ဖို့ ပြောပြီ



မြန်မာသမ္မတ ဦးသိန်းစိန်က ဇူလိုင် ၂၉ရက်နေ့မှာ Nikkei Asian Review နဲ့တွေ့ဆုံခဲ့ပြီးတော့ လက်ရှိသမ္မတသက်တမ်းပြီးရင် နိုင်ငံရေးကနေ အနားယူမယ်လို့ သူ့ရဲ့ကနဦးစဉ်းစားချက်တွေ ပြောင်းလဲသွားပြီလို့ ပြောခဲ့ပါတယ်။ သမ္မတဦးသိန်းစိန်က သူဟာ သမ္မတအဖြစ် ဒုတိယသက်တမ်းထမ်းဆောင်ဖို့ ဆန္ဒရှိတယ်လို့ ပွင့်ပွင့်လင်းလင်းပဲ ထုတ်ပြောလိုက်ပါပြီ။
အသက် ၇ဝအရွယ်လည်းရှိ နှလုံးမှာ Pacemaker တပ်ဆင်ထားရတဲ့သူ့အနေနဲ့ မြန်မာသမ္မတအဖြစ် ဘာ့ကြောင့်ဆက်လုပ်ချင်တာလဲဆိုတဲ့ Nikkei ရဲ့မေးခွန်းကိုတော့ ဦးသိန်းစိန်က -
"ကျနော့်အသက်အရွယ်နဲ့ ကျန်းမာရေးအရ ကျနော်အနားယူချင်ပါတယ်။ ဒါပေမယ့် ပွင့်ပွင့်လင်းလင်းပြောရရင် ကျနော်တို့နိုင်ငံမှာ တိုင်းပြည်ကို
လမ်းကြောင်းမှန်ပေါ်ရောက်အောင် တည့်မတ်ပေးနိုင်တဲ့ လူငယ်နဲ့ လူလတ်ပိုင်းအရွယ်တွေ အင်မတန်ပဲ နည်းပါးပါတယ်။ ကျနော်တို့ ရွေးကောက်ပွဲစနစ်နဲ့ သမ္မတရွေးချယ်တင်မြှောက်ရေး လုပ်ငန်းစဉ်တွေအရ သမ္မတလောင်းတစ်ယောက်ဟာ ရွေးကောက်ပွဲပြိုင်ဖို့မလိုအပ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ လွှတ်တော်ကိုယ်စားလှယ်များဟာ သမ္မတဖြစ်မယ့်သူကို ရွေးချယ်ရတာကြောင့်ပါ။ ဒါ့ကြောင့် ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့က မလိုအပ်ပါဘူး။ သမ္မတဟာ လွှတ်တော်ကိုယ်စားလှယ်များကနေတစ်ဆင့် ရွေးချယ်ရတဲ့စနစ်"ပါလို့ သူဘာ့ကြောင့် ရွေးကောက်ပွဲဝင်မပြိုင်ဘဲ သမ္မတအဖြစ် ဆက်ပြီးတာဝန်ထမ်းဆောင်ချင်တဲ့အကြောင်း ပြောခဲ့ပါတယ်။
"ဒါ့ပေမယ့် အခုလက်ရှိကျနော် စဉ်းစားနေတာကတော့ သမ္မတဖြစ်ချင်းထက်၊ နောက်သမ္မတသက်တမ်း ထမ်းဆောင်ခြင်းထက် ရွေးကောက်ပွဲတွေဟာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အောင်အောင်မြင်မြင်နဲ့ လွတ်လပ်မျှတဖို့က အရေးကြီးပါတယ်။ ကျနော့်အနေနဲ့ ရွေးကောက်ပွဲလွန်ကာလ တည်ငြိမ်အေးချမ်းရေးကို မြင်လိုပြီး ရွေးကောက်ပွဲနိုင်သူ ဘယ်သူမဆို သမ္မတဟာ အစိုးရဖွဲ့နိုင်တဲ့အထိ တည်ငြိမ်ပေးချမ်းမှုရှိတာကို လိုလားပါတယ်။ သမ္မတဖြစ်ချင်တာထက် အရေးကြီးတာက ကျနော့်စိတ်ထဲရှိတာ အဲဒါပဲဖြစ်ပါတယ်။"
"ကျနော်တို့ဟာ တပ်မတော်အစိုးရကနေ ဒီမိုကရေစီနည်းကျ ရွေးချယ်တင်မြှောက်တဲ့ အစိုးရကို ကူးပြောင်းရာမှာ သွေးထွက်သံယိုမှုမရှိဘဲ တည်ငြိမ်အေးချမ်းစွာ ပြောင်းလဲနိုင်ခဲ့တာဟာ မြန်မာပြည်အတွက် ကောင်းမွန်တဲ့သမိုင်းအမွေတစ်ခု ဖြစ်စေချင်ပါတယ်"
သမ္မတဦးသိန်းစိန်ဟာ သူနဲ့ ပြည်ထောင်စုလွှတ်တော် နာယကလည်းဖြစ်၊ လက်ရှိကြံ့ခိုင်ရေးပါတီရဲ့ ဥက္ကဌလည်းဖြစ်တဲ့ သူရဦးရွှေမန်းဦးဆောင်ပြီး လွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ဆင်ဖို့ ကြိုးစားခဲ့တဲ့ကိစ္စ တော်တော်လေး ခါးခါးသီးသီးဖြစ်နေပုံ ရပါတယ်။ ဒါပေမယ့် ပြင်ဆင်ချက်အားလုံးနီးပါးဟာ စစ်တပ် ၂၅%ကျော်ရဲ့ ကန့်ကွက်မှုနဲ့ မအောင်မြင်ခဲ့ပါဘူး။ ဦးသိန်းစိန်နဲ့ သူရဦးရွှေမန်းကြားက တင်းမာမှု၊ လွန်ဆွဲမှုတွေဟာ သိသိသာသာပဲဖြစ်လာခဲ့ပါတယ်။ ပြည်ထောင်စုလွှတ်တော်မှာ ကြံ့ခိုင်ရေးပါတီက ဦးဆောင်တင်သွင်းခဲ့တဲ့ ဖွဲ့စည်းပုံပြင်ဆင်ချက်မှာ သမ္မတ၊ ဒုတိယသမ္မတတွေနဲ့ ဝန်ကြီး၊ ဒုတိယဝန်ကြီးတွေဟာ ရွေးကောက်ခံ လွှတ်တော်အမတ်တွေပဲ ဖြစ်ရမယ်ဆိုတဲ့အချက်ဖြစ်ပါတယ်။ ဒီအချက်ကို သမ္မတဦးသိန်းစိန်က လုံးဝလက်မခံပါဘူး။
"ဒီကိစ္စက အတော်ကို ထူးဆန်းတဲ့ပြဌာန်းချက်ဖြစ်ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေအရဆိုရင် နိုင်ငံသားတိုင်းဟာ မဲပေးပိုင်ခွင့်ရှိသလို ရွေးကောက်ခံပိုင်ခွင့်လည်း ရှိပါတယ်။ ဒါ့ကြောင့် ဒီအချက်ဟာ ထူးခြားနေပြီး ဘယ်သူကမှလည်း ဒီပြဌာန်းချက်ကို လိုက်နာနိုင်မှာ မဟုတ်ပါဘူး"
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီအနေနဲ့ သမ္မတဦးသိန်းစိန်ရဲ့ အစိုးရအဖွဲ့ဝင်တွေ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မှုကို တားမြစ်ပုံရတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် သူ့ရဲ့ထိပ်တန်းဝန်ကြီးတွေ၊ အရာရှိတွေဟာ တစ်သီးပုဂ္ဂလအဖြစ် ရွေးကောက်ပွဲပြိုင်နိုင်ပြီး သူ့အနေနဲ့ကတော့ ရွေးကောက်ပွဲမပြိုင်ဘဲ သမ္မတအဖြစ် ဒုတိယသက်တမ်းကို ဆက်လက်ထမ်းဆောင်ခွင့်ရှိတယ်လို့ ယူဆနေပါတယ်။
(ဓာတ်ပုံ - Yumi Kotani/Nikkei)
News From: Kamayut Media

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်