မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Sunday 19 July 2015

(၆၈)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားနှင့် စပ်လျဉ်း၍ အာဇာနည်ခေါင်းဆောင်ကြီးများ ၏ မိသားစုဝင်တို့၏ သဘောထားအမြင်များ ( ဆောင်းပါး)

MOI Webportal Myanmar's photo.MOI Webportal Myanmar's photo.MOI Webportal Myanmar's photo.


ရန်ကုန် ဇူလိုင် ၁၉
၂ဝ၁၅ ခုနှစ် (၆၈)နှစ်မြောက် အာဇာနည်နေ့အခမ်းအနားသို့ တက်ရောက်ခဲ့ကြ သည့် အာဇာနည်ခေါင်းဆောင်ကြီး များ၏ မိသားစုဝင်များ၏ သဘောထား အမြင်များကို ကောက်နုတ် စုစည်းဖော်ပြလိုက်ရပါသည်
ဒေါက်တာဒေါ်ခင်လှချို
(ဒီးဒုတ်ဦးဘချို၏ မြေးအကြီးဆုံး)

အာဇာနည်နေ့ ရောက်တိုင်း ရောက်တိုင်း ဗိုလ်ချုပ်အောင်ဆန်းနဲ့ တကွ ကျဆုံးသွား တဲ့ အာဇာနည် ခေါင်းဆောင်တွေ အားလုံးကို သတိတရနဲ့ သူတို့ရဲ့စိတ်ဓာတ်၊ သူတို့ရဲ့စည်းကမ်းနဲ့ သူတို့တိုင်းပြည် အတွက် ကိုယ်ကျိုးစွန့် အနစ်နာခံ ခဲ့ရတာတွေ နောက်ပြီးတော့ သူတို့ ရဲ့ တိုင်းပြည် အပေါ်မှာ ထားတဲ့ စေတနာ၊ အလုပ်ဆိုတာ စေတနာနဲ့ တိုင်းရတာပေါ့။ အဲဒါတွေ အသိ အမှတ်ပြုပေးဖို့နဲ့ ကောင်းအောင် ကြိုးစားဖို့ ပြောချင်ပါတယ်။ အခမ်း အနားကို
ကောင်းအောင် လုပ်ပေး ထားတဲ့အတွက် အားလုံးအဆင်ပြေ ပါတယ်။ ကောင်းပါတယ်။
ဦးထွေးဝင်း
(ဦးဘဝင်း၏သား)

အမေနဲ့ တောက်လျှောက် အာဇာနည်နေ့ အခမ်းအနား တက်ပါတယ်။ လက်ရှိ အခုလို အခမ်းအနားတွေ လုပ်ပေးတာ ကျေးဇူးတင်ပါတယ်။ အားလုံးက နိုင်ငံအတွက် ဝိုင်းဝန်းကူညီကြ ပါလို့ ပြောချင်တယ်။
ဒေါ်မြင့်မြင့်ခိုင်
(မန်းဘခိုင်၏သမီး)

အာဇာနည် ခေါင်းဆောင်ကြီး တွေ မျှော်မှန်းခဲ့တဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ မြန်မာနိုင်ငံတော်ကြီးဖြစ်ဖို့ လူတိုင်း ကိုယ်စီ အသိစိတ်တွေနဲ့ ဝိုင်းဝန်း ကြိုးစားကြပါလို့ တိုက်တွန်းလိုပါ တယ်။
ဒေါ်နန့်ခင်ဌေးရီခိုင်
(မန်းဘခိုင်၏ အငယ်ဆုံးသမီး)

အာဇာနည် ခေါင်းဆောင်ကြီးများ ချမှတ်ထားတဲ့လမ်းစဉ်အတိုင်း တစ် ယောက်နဲ့တစ်ယောက် ချစ်ချစ်ခင်ခင် ကြင်ကြင် နာနာနဲ့ နေသွားကြဖို့ ပြောချင်ပါတယ်။
ဦးစဝ်ကိုင်ဖ
(မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်း၏ သား)

အခုလုပ်နေတဲ့ ရှေ့လုပ်ငန်းစဉ် မှာ ညီညွတ်ရေး အများကြီးလိုပါတယ်၊ နိုင်ငံခေါင်းဆောင် အာဇာနည်ကြီး တွေလုပ်ပြသွားတဲ့ နည်းလမ်းအတိုင်း ညီညွတ်ရေးရအောင် အားလုံးဝိုင်းဝန်း ကြိုးပမ်းသွားကြပါ။ အလွန်အရေး ကြီးပါတယ်။ အပြောတစ်မျိုး အလုပ် တစ်မျိုးမလုပ်ဘဲ အားလုံးညီညီညွတ် ညွတ်လုပ်ကြဖို့ ပြောလိုပါတယ်။
ဦးတင်မြင့်
(ဦးရာဇတ်၏သား အကြီးဆုံး)

ဒီနေ့မှာ အာဇာနည်ကြီးတွေ ချမှတ်သွားတဲ့လမ်းစဉ်ကို လေးစား ပြီး နေ့စဉ်နဲ့အမျှ လိုက်နာသွားဖို့လို တယ်။ အားလုံးညီညီညွတ်ညွတ်နဲ့ စည်းစည်းလုံးလုံးနဲ့ သူတို့ချမှတ်သွား တဲ့ လမ်းစဉ်ကို လိုက်စေချင်ပါတယ်။
ဦးကိုကိုလှ
(ဦးအုန်းမောင်၏သား)

အာဇာနည် ခေါင်းဆောင်ကြီး တွေ ကျဆုံးသွားတာ ၆၈ နှစ်မြောက် ရှိသွားပြီ။ မိသားစုဝင်များက အမြဲ တမ်း သတိရနေပါတယ်။ နိုဝင်ဘာလ ရွေးကောက်ပွဲပြီးရင် တိုင်းပြည်ကြီး ကံကောင်းပါစေလို့ ပြောချင်ပါတယ်။
ဒေါက်တာမင်းမြင့်
(ဦးအုန်းမောင်၏သားအငယ်ဆုံး)

အာဇာနည်နေ့ကို ၁၉၄၇ ခုနှစ် ကတည်းက အများပြည်သူလူထုက ဝမ်းနည်းကြောင်း အထိမ်းအမှတ် တွေလုပ်ကြတယ်။ အဲဒီလိုလုပ်ပေး တဲ့အတွက် ကျွန်တော့်မိသားစုအနေနဲ့ အများကြီး ကျေးဇူးလည်းတင်တယ်၊ အားလည်းရှိတယ်။ အာဇာနည် ခေါင်းဆောင်ကြီးတွေကို အခုအထိ သတိတရရှိတဲ့အတွက် အများကြီး ဝမ်းသာပါတယ်။
အာဇာနည် ခေါင်းဆောင်ကြီးတွေ ဆောင်ရွက် သွားတဲ့ လွတ်လပ်ရေးကို ရရှိအောင် လုပ်နိုင်တာရယ်။ ဒီမိုကရေစီနိုင်ငံ ထူထောင်ဖို့ သူတို့ကြိုးပမ်းခဲ့ ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည် ခေါင်းဆောင်ကြီးတွေ မျှော်လင့် တောင့်တနေတဲ့ ဒီမိုကရေစီနိုင်ငံကို ထူထောင်နိုင်ဖို့ အများပြည်သူက ဝိုင်းဝန်းပြီး ကိုယ်နိုင်ရာနိုင်ရာ ဖော် ဆောင်မှရမယ်လို့ မျှော်လင့်ပါ တယ်။
ဒုတိယဗိုလ်မှူးကြီး အောင်ကိုကို (အငြိမ်းစား)
(ရဲဘော်ကိုထွေး၏တူ)

ငယ်ငယ်တုန်းက အာဇာနည် နေ့အခမ်းအနားဆိုရင် အာဇာနည် နေ့နဲ့ ပတ်သက်ပြီး အထိမ်းအမှတ် စာအုပ်တွေဝေတယ်။ အဲဒီ စာအုပ်တွေကို မိသားစု တစ်စုကို အုပ်ရေ ၂ဝလောက်ပေးတယ်။ အာဇာနည်နေ့ ပန်းခွေချတဲ့ ပြည်သူလူထုကိုလည်း အဲဒီစာအုပ် တွေဝေတယ်။ ဝေတဲ့အခါ အာဇာနည်နေ့နဲ့ ပတ်သက်ပြီးတော့ ဖြစ်ပေါ်လာပုံကို ကလေးငယ်တွေ ကအစ သိလာတယ်။ သိတဲ့အတွက် အာဇာနည် ပုဂ္ဂိုလ်ကြီးတွေကို ကြည်ညိုလေးစား မှုရှိတာနဲ့ အမျှ နိုင်ငံအတွက် အနစ်နာခံချင်စိတ် တွေပေါ်လာတယ်။
အာဇာနည် ခေါင်းဆောင်ကြီးတွေ အပေါ် လူငယ်ပိုင်းတွေသိဖို့ စာအုပ်တွေ ဝေငှပေးနိုင်ရင် နောက်တစ်ခါ ကျောင်းတွေမှာလည်း အာဇာနည် နေ့ အထိမ်းအမှတ် လုပ်ဖို့လိုပါ တယ်။ လူငယ်ထု အတွင်းစိမ့် ဝင်အောင် လုပ်ပေးဖို့လိုပါတယ်။
အာဇာနည် ခေါင်းဆောင်ကြီးတွေကို လေးစား ကြည်ညိုလာရင် နိုင်ငံ အပေါ်မှာလည်း လေးစားကြည်ညို လာပါမယ်။
တွေ့ဆုံမေးမြန်း-ဥမ္မာသန့်(သတင်းစဉ်)
ဓာတ်ပုံ-ဇော်မင်းလတ်(သတင်းစဉ်)

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်