ကံနှင့် ကံ၏ ပဋိသန္ဓေအကျိုးပေးမှု သဘာဝ
ကာယကံဖြစ်စေ၊ ဝစီကံဖြစ်စေ၊ မနောကံဖြစ်စေ ကံတခုခုပြုလုပ်လိုက်သောအခါ စေတနာ နှင့်ပြုလုပ်ခဲ့လျှင် ထိုစေတနာစိတ် သည် ဖြစ်၊တည်၊ပျက် (ဥပါဒ်၊ဌီ၊ဘင်) စိတ်၏အသက် သုံးချက်ပြည့်က ချုပ်ပျောက်သွားသော်လည်း ထိုစေတနာ၏သတ္တိ အာနိသင် သည် ပြုလုပ်သူ၏စိတ်အစဉ်ထဲတွင် တောက်လျှောက်ပါရှိနေပေသည်။
အခွင့် သင့်လျှင်သင့်သလို အကျိုးပေးမည်သာ၊ အားကြီးလျှင်အားကြီးသလောက်
ကုသိုလ်ကံ၊ အကုသိုလ်ကံစေတနာများ သည်သူ၏အခွင့်သင့်က ၊ အထောက်အပံ့ရက
သင့်တော်သော အချိန် တွင် အကျိုးပေးမည်သာ။
အားကြီးသောစေတနာကံအကျိုးပေးရန်အခွင့်ရနေခြင်း
သေခါနီးအချိန်တွင် ထိုစေတနာကံသတ္တိများထဲမှ အားကြီးသောစေတနာကံတခုသည် စိတ်ထဲတွင် ကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ် အဖြစ် အာရုံတစ်ခုခုအနေနှင့်ထင်လာပေမည်။
စိတ်ကထိုအာရုံကိုစွဲလန်းနေလျှင် ထိုကံစေတနာ အကျိုးပေးရန်အခွင့်ရနေခြင်းဖြစ်သည်။ အကျိုးပေးသည်ဆိုသည်မှာ - ကံပြုလုပ်သူ၏စိတ်အစဉ်ထဲတွင် တောက်လျောက်လိုက်ပါလာနေသော
ကောင်းမှု၊မကောင်းမှု စေတနာ ကံသတ္တိများသည် စုတိသေခြင်းစိတ် ၏နောက်တွင် အတူဖြစ်ဖက်တရား များနှင့် ထင်ထင်ရှားရှားပေါ်လာခြင်းကို ဆိုလိုပါသည်။
စုတေခြင်း
စုတေခြင်းဆိုသည်မှာ ပစ္စုပ္ပန်ဘဝမှ ပြောင်းရွှေ့ လျောကျခြင်း၊ ( သို့ ) တစ်ဘဝအတွက် သေဆုံးခြင်းဖြစ်သည်။
သေရခြင်းအကြောင်း ၄ မျိုးမှာ သက်တမ်းကုန်၊ ကံကုန်၊ သက်တမ်းနှင့်ကံ နှစ်ခုစလုံးကုန်၊ ပြင်ပပယောဂကြောင့် သေကြရသည်။ (မရဏုပ္ပတ္တိစတုက္က )
၁။ သက်တမ်းကုန်၍ သေရခြင်း ( အာယုက္ခယ မရဏ)
၂။ ကံစွမ်းကုန်၍ သေရခြင်း ( ကမ္မက္ခယ မရဏ)
၃။ သက်တမ်း၊ ကံစွမ်း ၂ ပါးကုန်၍ သေရခြင်း ( ဥဘယက္ခယ မရဏ)
၎။ သက်တမ်း၊ ကံစွမ်း မကုန်သေးသော်လည်း ရှေးရှေးကပြုခဲ့သော ကံဆိုးကဖြတ်ချ၍ သေချိန်မကျသေးဘဲ လတ်တလောသေရခြင်း( ဥပစ္ဆေဒက မရဏ )
စုတိစိတ်
ဘဝတခု၏နောက်ဆုံးစိတ်
စုတေခါနီးတွင်မှီရာဝတ္ထုအားနည်းသောကြောင့် ဇော(၅)ကြိမ်သာစောနိုင်သည်။ထိုသေခါနီးမှာစောသော ဇောကို”မရဏာသန္နဇော” ဟုခေါ်သည်။
သေခါနီးတွင်ယခုဘဝ သို့ မဟုတ် ယခင်ဘဝများမှပြုလုပ်ခဲ့သော ကံများ၏စွမ်းအားကြောင့်စိတ်ထဲတွင်အိပ်မက်မက် သကဲ့သို့ အာရုံတခုပေါ်လာမည်။ ကံ၊ကမ္မနိမိတ်၊ ဂတိနိမိတ် အာရုံတခုခုပေါ်လာသည်။
ကံအရှိန်ရှိနေသေးအမျှကာလပတ်လုံး အသက်ရှင်နေစေရန် ဝီထိစိတ်များအကြားတွင် ဘဝင်စိတ်များ ဆက်ကာဆက်ကာဖြစ်နေရသည်။ ကံအရှိန်ကုန်သောအခါ ဘဝင်စိတ်များ မဖြစ်တော့ဘဲ အဆုံးသတ်သွားသည်။ ထိုသို့ အဆုံးသတ် သွားသောဘဝင်စိတ်ကိုပင် စုတိစိတ်ဟုခေါ်သည်။
စုတိစိတ်သည် ဘဝတခု၏နောက်ဆုံးစိတ်ဖြစ်သည်။
စုတေခါနီးနိမိတ်အာရုံထင်လာပုံ၊
သေခြင်း ၄မျိုးတွင် တစ်မျိုးမျိုးကြောင့်သေဆုံးကြရသည့် သတ္တဝါတို့ သည်သေခါနီးကာလဝယ် ကံ၊ ကမ္မနိမိတ်၊ဂတိနိမိတ်-အာရုံတစ်ပါးပါးသည် ကံ၏အစွမ်းကြောင့် ဒွါရ ၆ ပါးအနက် တစ်ပါးပါးတွင် ထိုက်သလောက်ဝင်လာလေ့ရှိသည်။
ထိုနိမိတ်ကို မရဏာသန္န နိမိတ် ခေါ်သည်။ ထိုသို့ နိမိတ်ထင်လာခြင်းသည် ဘဝသစ်၏ ပဋိသန္ဓေအကျိုး ကို ပေးမည့် ကုသိုလ်ကံ (သို့ ) အကုသိုလ်ကံတစ်ပါးပါး ရှေ့ ရှုထွက်ပေါ်လာခြင်း
ဖြစ်သည်။
ဘုရား၊ ရဟန္တာမှလွဲ၍ မည်သည့် သတ္တဝါသေသေ နိမိတ် သုံးပါးအနက် တစ်ပါးပါးကို ထင်ပြီးမှသေရရိုး ထုံးစံရှိသည်။
ကံအာရုံ
ကုသိုလ်ကံရတနာသုံးပါးဆည်းကပ်ပူဇော်နေပုံ - အကုသိုလ်ကံ သားကောင်များပစ်သတ်နေပုံ
ယခုပင်ကုသိုလ်ပြုလုပ်နေသကဲ့သို့ ဘုရားရှိခိုးနေပုံ(သို့ ) ယခုအကုသိုလ်ပြုနေသကဲ့သို့ အမဲလိုက် နေပုံများထင်လာပေမည်။အတိတ်ကာလဖြစ်သဖြင့်မနောဒွါရ၌သာထင်နိုင်သည်။
ကမ္မနိမိတ်
ကုသိုလ်ကံ ဘုရားပန်းများအာရုံထဲထင်လာပုံ - အကုသိုလ်ကံ သားသတ်လက်နက်များ မြင်လာပုံ ကုသိုလ်ကမ္မနိမိတ်အဖြစ်ဘုရားပန်းများထင်လာပုံ(သို့ )အကုသိုလ်ကမ္မနိမိတ်အဖြစ်အမဲလိုက် လက်နက်များမြင်လာမည်။အတိတ်ကမ္မနိမိတ် သည်မနောဒွါရတွင် ထင်လာမည်၊ ပစ္စုပ္ပန် ကမ္မနိမိတ်သည် ခြောက်ဒွါရတွင်ထင်နိုင်သည်။
ဂတိနိမိတ်
ကုသိုလ်ကံကြောင့်လူဖြစ်မည့် မိခင်သားအိမ်မြင်လာပုံ - အကုသိုလ်ကံကြောင့် ငရဲမီးများမြင်လာပုံ ကုသိုလ်ဂတိနိမိတ်ကြောင့်လူ့ ပြည်ရောက်မည်ဆိုလျှင် နီမြန်းသောကမ္ဗလာအဆင်းနှင့်တူသော အမိဝမ်းရည်မြင်ပုံ(သို့ )အကုသိုလ် ဂတိနိမိတ်ကြောင့် ငရဲရောက်မည်ဆိုလျှင် ငရဲမီးများမြင်လာမည်။
အနီးသို့ရာက်လာသောဂတိနိမိတ်သည်ခြောက်ဒွါရလုံး၌ထင်နိုင်သည်။ (နတ်ရထားများမြင်တွေ့  သကဲ့သို့ )၊ အဝေးကွယ်ခြားရာ၌တည်သောဂတိနိမိတ်မှာမူ မနောဒွါရ၌သာထင်လာမည်။
စုတေခါနီး၌ နိမိတ်၃ ပါးမထင်သူများ
၁။ရဟန္တာများသည်စုတေပြီးနောက်ဘဝအသစ်မဖြစ်တော့သဖြင့်ကံ၊ကမ္မနိမိတ်၊ဂတိနိမိတ်များ မထင်။ ဆင်ခြင်နေကျဖြစ်သောရုပ်နာမ်သာထင်လာ၏။
ရဟန္တာဖြစ်ပြီးသည်နှင့်တစ်ပြိုင်နက်စုတိစိတ်ကျသော သမသီသီ ရဟန္တာပုဂ္ဂိုလ်၏မရဏာ သန္နဇောသည်အရဟတ္တမဂ်၊အရဟတ္တဖိုလ် တစ်ခုခုကိုအာရုံပြုသည်။
၂။(၁) ဈာနလာဘီရဟန္တာအချို့
ဈာန်သမာပတ်အဆုံး၌ပရိနိဗ္ဗာန်စံလျှင်ဆိုင်ရာဈာန်၏ အာရုံဖြစ်သောကသိုဏ်းပညတ်ထင်လာ၏။ ထိုဈာန်ဇောသည်ပင်မရဏာသန္နဇောဖြစ်၏၊
၂။(၂)ဈာန်အင်္ဂါကိုဆင်ခြင်သောပစ္စဝေက္ခဏာဝီထိအဆုံး၌ပရိနိဗ္ဗာန်စံလျှင်ပစ္စဝေက္ခဏာဇော သည်မရဏာသန္နဇောဖြစ်၏၊ဈာန်အင်္ဂါသည်မရဏာသန္နဇော၏အာရုံဖြစ်၏။ ဂေါတမမြတ်စွာ ဘုရား၏မရဏာသန္နဇောသည်ဈာန်အင်္ဂါကို
အာရုံပြုသည်။
၂။(၃) အဘိညာဉ်၏အခြားမဲ့၌ပရိနိဗ္ဗာန်စံလျှင် အဘိညာဉ်၏အာရုံဖြစ်သောခန္ခာကိုယ် ထင်လာ၏။ မိမိကိုယ်တွင်း၌ရှိသောတေဇောဓာတ်ကိုအာရုံပြု၏။
၃။အသညသတ်ဘုံမှဗြဟ္မာများသည်နိမိတ်ထင်ရန်နာမ်မရှိသောကြောင့် စုတေခါနီး၌ နိမိတ်မထင်နိုင်ကြပါ။
ဘဝကူးပုံ
သေခါနီးအခါစိတ်၏မှီရာဟဒယနှစ်လုံးသည် အလွန်အားနဲနေပြီးဖြစ်သဖြင့်စိတ်သည် ပေါ်လာသောနိမိတ်အာရုံပေါ်မှခွါရန်အလွန်ခက်ခဲ၏၊
ထို့ ကြောင့်ကောင်းသောနိမိတ်(သို့ ) မကောင်းသောနိမိတ်ထင်လာလျှင်စိတ်သည် ပေါ်လာသောထိုအာရုံပေါ်ကိုင်းညွှတ်တတ်၏။
ကောင်းသောနိမိတ်ကိုကိုင်းညွှတ်၍ သေလျှင်သုဂတိဘုံသို့ ရောက်ရ၍ မကောင်းသောနိမိတ်ကိုကိုင်းညွှတ်သေလျှင် ဒုဂ္ဂတိဘုံသို့ရောက်ရမည်။
မရဏာသန္နဝီထိ
ဘဝကူးလုခါနီးတွင် မရဏာသန္နဝီထိကျရမြဲဖြစ်သည်။ ယခုဘဝ (သို့ ) ယခင်ဘဝများက ပြုလုပ်ခဲ့သောကုသိုလ်ကံ၊အကုသိုလ်ကံများ၏ အကျိုး ဝိပါက်ကံ၏အစွမ်းကြောင့်ကံ၊ကမ္မနိမိတ်၊ဂတိနိမိတ် ၃ ပါးအနက်တစ်ပါး ပါးသောနိမိတ်သည်ပဉ္စဒွါရ နှင့် မနောဒွါရတို့ တွင် ထင်လာသည်။
မရဏာသန္နဝီထိ
ဖြစ်သောအချိန်တွင်စိတ်များနှင့်ဟဒယဝတ္တုတို့  သည်ခွန်အားလျော့နည်းနေသည့်အတွက် ဇော ၅ ကြိမ်သာစော နိုင်တော့ သည်။ မရဏာသန္နဇောသည် အာရုံထင်စေသောကိစ္စ သာဆောင်ရွက်နိုင်သည်။ ပဋိသန္ဓေ အကျိုးပေးသောကိစ္စကို မဆောင်ရွက်နိုင်ပါ။
ပဋိသန္ဓေစိတ်
ပဋိသန္ဓေစိတ်ဆိုသည်မှာဘာလဲ?
ပဋိသန္ဓေစိတ် ဆိုသည်မှာ ဘဝရဲ့ အစဦးဆုံးသော စိတ်၊ ရှေးကမိမိပြုခဲ့သောကုသိုလ် (သို့ )အကုသိုလ်အကျိုး ဝိပါက်စိတ်များပင်ဖြစ်သည်။
ဘာ့ကြောင့်ပဋိသန္ဓေစိတ်ဟုခေါ်ရတာလဲ?
ဘဝအဟောင်းနှင့်ဘဝအသစ် အကြားကိုပေါင်းစပ်ဆက် သွယ်ပေးသောကြောင့် ပဋိသန္ဓေစိတ်ဟုခေါ်ကြသည်။
ဘာ့ကြောင့် ပဋိသန္ဓေစိတ်ဖြစ်ရတာလဲ?
ကာမတဏှာ၊ဘဝတဏှာ၊ဝိဘဝတဏှာ ဟူသောတဏှာ အရင်းခံကာကုသိုလ်၊အကုသိုလ်များပြုလုပ်ခဲ့သောကံ များ၏အကျိုးဝိပါက်စိတ်များသည်ဘဝအသစ်ဖြစ်စေသည်။
ရှေးကမိမိပြုလုပ်ခဲ့သော အဝိဇ္ဇာနှင့် တဏှာမကင်းသော ကုသိုလ်ကံ၊ အကုသိုလ်ကံ ဟူသောသင်္ခါရကိုပြုမိခဲ့ခြင်း ကြောင့်စုတိပြီးသည်နှင့် ကာလမခြားဘဲ အကျိုးဝိပါက် ကံများ၏အစွမ်းကြောင့်မရဏသန္နဇောကယူသောကံ၊ ကမ္မနိမိတ်၊ ဂတိနိမိတ်တစ်ပါးပါးကို အာရုံပြု၍ဘဝသစ် တွင်ပဋိသန္ဓေစိတ်ဆက်တိုက်ဖြစ်လာရသည်။
ဘဝ ဟောင်းချုပ်၍ ဘဝသစ်ကိုကူးပြောင်းသွားသည်ဆို သည်မှာ - စိတ်ဖြစ်စဉ် (စိတ္တသန္တတိ)အစဉ်အတန်းမှာမူ တစ်ဆက်တည်း တစ်ခု တည်း ဖြစ်၏။
သေပြီးမွေးရာဒိဋ္ဌိဖြုတ်ပါ
သေပြီးနောက်တွင်ဘဝအသစ်ပြန်ဖြစ်ခြင်းနှင့်ပတ်သက် ၍ ရှေးဘဝကနာမ်ဝိဥာဏ်သည် ဘဝအသစ်သို့ ဆက် လက်ပါလာသည်ဟုယူဆလျှင် သတ္တဝါသည်မပြတ် မဆဲ အမြဲတည်နေသည်ဆိုသည့်သဘောသက်ရောက် သွားသည်။ (သဿတဒိဋ္ဌိ)
ဘဝအသစ်သည်ယခင်ဘဝကဖြစ်ခဲ့သည် နာမ်ဝိဥာဏ် နှင့် ဘာမှမဆိုင်ဘူးဟုယူဆလျှင် သတ္တဝါသည်သေပြီး သည့်နောက်ဘာမှမဖြစ်တော့ ဘူးပြတ်စဲသွားသည်ဆို သော သဘောသက်ရောက်သွားသည်။ (ဥစ္ဆေဒ ဒိဋ္ဌိ)
ဥပမာ-ဆီမီးတစ်ခုနှင့် ဆီမီးတစ်ခု ကိုကူးသောအခါ ဒုတိယ မီးသည် ပထမ မီးမဟုတ်သလို၊ ပထမမီး မရှိဘဲနှင့်လည်း ဒုတိယမီးမဖြစ်နိုင်သကဲ့သို့ ။ နောက်ဥပမာ ဆိုရလျှင် တောင်အနားတွင် အော်ဟစ် သောအခါ ထွက်ပေါ်လာသည့်အသံသည်တောင်နံရံ ကိုထိခိုက်ပြီး ” ပဲ့တင်သံ”ဖြစ်ပေါ်လာသည်။
ထိုပဲ့တင် သံသည်မူလအော်သံမဟုတ်သကဲ့သို့ မူလအော်သံနှင့် လည်းကင်းပြီး၍မဖြစ်နိုင်ချေ။
ဤကဲ့သို့ ပင် သတ္တဝါ တစ်ဦး သေဆုံးသောအခါ ဘဝဟောင်းမှ ရုပ်တရား နာမ်တရားများသည်ချုပ်ပျောက်ပြီးဖြစ်သောကြောင့် ဘဝအဟောင်းမှရုပ်တရားနာမ်တရားများ သည်ဘဝ အသစ်သို့ တိုက်ရိုက်ကူးပြောင်းလာသည်မဟုတ်။
သို့သော်ဘဝအသစ်တွင်ဆက်လက်ဖြစ်လာသောရုပ် နာမ်တရားများသည် ဘဝဟောင်းမှ အဝိဇ္ဇာ၊တဏှာ၊ သင်္ခါရစသော အကြောင်း တရားများနှင့်ကင်း၍လည်း မဖြစ်နိုင်ဆိုသည့်အချက်ကို မှတ်သားထားရမည်။
ပဋိသန္ဓေစိတ်သည်အလိုအလျောက်ဖြစ်ပေါ်လာသည် မဟုတ်။သူတပါးဖန်ဆင်းလိုက်သည်လည်းမဟုတ်။ ရှေးဘဝ(သို့ ) ယခုဘဝမှပြုလုပ်ခဲ့သောကုသိုလ်ကံ၊ အကုသိုလ်ကံတစ်ခုခုမှအကျိုးပေး၍ဖြစ်ပေါ်လာသည် ဟုနားလည်သင့်သည်။
အဝိဇ္ဇာနှင့် တဏှာရင်းခံ ဥပါဒါန် ကံကြောင့် ရုပ်နာမ်ပေါ် အပင်မှမျိုး မျိုးမှအပင် အမျှင်မပြတ် ဆက်စပ် သည်ဟန် ကံကြောင့် နာမ်ရုပ်ကြောင့်ကံ အဖန်ဖန် ပြစ်ပြန်နည်းအလျှော် ဗြဟ္မာသိကြား စသည်များက ထင်ရှား ပြုပြင် စီရင်ဖန်ဆင်း အကြောင်းရင်းကြောင့် လူနတ်များစွာ သတ္တဝါတို့ ဖြစ်လာရမှု့ မဟုတ်ဟုဥာဏ်ဖြင့်ရှု့၍မျှော်။
http://www.nandathitsa.org/ မှထုတ်နှုတ်ဖော်ပြပါသည်။
မှတဆင့်ဓမ္မဒါနတင်ပြအပ်ပါသည်ခင်ဗျာ
(ဗဟုသုတတိုးပွားပြီးနိုင်ကြပါစေခင်ဗျာ)
(ကျွန်တော့်၏Postများမှဓမ္မတရားတော်များကို အများသူငါဖတ်ရှုလေ့လာကုသိုလ်ပွားနိုင်ရန်အတွက်ထပ်ဆင့်၍ဝေမျှ Shareခြင်းဖြင့်ကုသိုလ်
ယူနိုင်ကြပါသည်ခင်ဗျာ)

0 မှတ်ချက်ပြုသည်။:
Post a Comment
အောင်ရဲရင့်