မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Thursday 30 July 2015

သံလွင်မြစ်ရေမှာ ၈၂၆ စင်တီမီတာသို့ရောက်ရှိနေပြီး ဘားအံမြို့နယ်အတွင်း ရေဘေးကယ်ဆယ်ရေးစခန်း ၁၄ ခု ဖွင့်လှစ်ထား

ဇူလိုင် ၃၀ ရက် နံနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ သံလွင်မြစ်ရေသည် ဘားအံမြို့၏ စိုးရိမ်ရေအမှတ် ၇၅၀ စင်တီမီတာသို့ ကျော်လွန်ကာ ၈၂၆ စင်တီမီတာသို့ရောက်ရှိနေခြင်းကြောင့် ဘားအံမြို့နယ် သံလွင်အရှေ့နှင့် အနောက်ခြမ်းတို့တွင် ရေဘေးကယ်ဆယ်ရေးစခန်း ၁၄ ခု ဖွင့်လှစ်ထားကြောင်း သိရသည်။

သံလွင်မြစ်ရေသည် ဇူလိုင် ၂၈ ရက်မှစတင်ကာ စိုးရိမ်ရေအမှတ်အထက်သို့ရောက်ရှိခဲ့ပြီး ဇူလိုင် ၂၉ ရက်တွင် သံလွင်မြစ်ရေသည် ဘားအံမြို့ မြေနိမ့်ရပ်ကွက်အတွင်းဝင်ရောက်ကာ ရေကြီးလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ကြောင်း၊ ဇူလိုင် ၂၉ ရက် တိုင်းထွာချက်အရ ၈၀၃ စင်တီမီတာရှိရာမှ ဇူလိုင် ၃၀ ရက် နံနက် ၆ နာရီခွဲတိုင်းထွာချက်အရ ၈၂၆ စင်တီမီတာသို့ရောက်ရှိနေကြောင်း သိရသည်။

"သံလွင်မြစ်ရေက ညဘက်မှာ ပိုပြီးအတက်ကြမ်းတယ်။ ဇူလိုင် ၂၉ ရက်တစ်ညတည်းတင် စင်တီမီတာ ၂၃ ထိတိုးလာတော့ ရေကင်းစခန်းတွေဖွင့်ပြီး လုံခြုံရေးချထားပေးတယ်။ ညဘက်မှာ ရေထပ်တိုးလာရင် မဖြစ်မနေပြောင်းရွှေ့ဖို့
ကယ်ဆယ်ရေးစခန်းမှာနေထိုင်ဖို့၊ ရဲ ၊ အရန်မီးသတ်နဲ့ မာဃလူမှုကူညီရေးအဖွဲ့အစည်းတွေက လိုက်လံနှိုးဆော်ပေးတယ်။ ၀န်ကြီးချုပ်အပါအ၀င် ပြည်နယ်အစိုးရအဖွဲ့တွေလည်း ရပ်ကွက်အလိုက် လိုက်လံစစ်ဆေးကြည့်ရှုပြီး လိုအပ်တဲ့ကယ်ဆယ်ထောက်ပံ့မှုတွေပေးဖို့ စီစဉ်နေတယ်" ဟု အမှတ် (၅) ရပ်ကွက်မှ မြို့မိမြို့ဖတစ်ဦးက ပြောကြားသည်။

ယခုအခါ သံလွင်မြစ်ရေလွှမ်းမိုးနှစ်မြုပ်မှုကြောင့် ဘားအံမြို့နယ်အတွင်း ရေဘေးကယ်ဆယ်ရေးစခန်းများကို ဖွင့်လှစ်ထားရှိရာ ရေဘေးသင့်ပြည်သူတို့၏ အိမ်ထောင်စုဝင်နှင့် လူဦးရေစာရင်းကို တိတိကျကျရရှိရန် ကောက်ခံယူနေဆဲဖြစ်ပြီး ဘားအံမြို့နယ်အတွင်း ရွှေယဉ်မျှော်ပြည်တော်ဧစေတီ၊ အစ္စလာမ်ပရဟိတကျောင်း၊ ကြားတောရ၊ ပြည်နယ်အားကစားရုံ၊ အောင်သံလွင်ဘောလုံးကွင်း၊ ပြည်နယ်ပရဟိတ၊ အထက (၃)၊ အထက(ခွဲ) ၃ ၊ အမက (၃) လှာကာ (သံလွင်အနောက်ခြမ်းရှိကူးဆိပ်ကျောင်း)၊ လှာကာ (အမက (၁) မူလွန်)၊ လှာကာ အမက၊ ကော့ကျိုက် အထကခန်းမဆောင်တို့တွင် ရေဘေးကယ်ဆယ်ရေးစခန်းများကို ဖွင့်လှစ်ထားရှိကြောင်း သိရသည်။

သံလွင်မြစ်ရေမြင့်တက်မှုကြောင့် ဘားအံမြို့နယ်အပါအ၀င် လှိုင်းဘွဲ့မြို့နယ် ရွှေဂွန်းစံပြကျေးရွာတွင်လည်း ရေကြီးနစ်မြုပ်မှုဖြစ်ပေါ်နေပြီး ရေဘေးကယ်ဆယ်ရေးစခန်းများကို ဖွင့်လှစ်ထားရှိရန် လိုအပ်သောထောက်ပံ့ကူညီမှုများကိုပြုလုပ်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
Writer: 
စိုးစိုး (ဘားအံ)

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်