မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Sunday 11 August 2013

တိုက်တစ်လုံး၊ ကားတစ်စီး၊ ဘတ်ငွေတစ်သိန်းနဲ့ ၀န်ကြီးဦးအောင်မင်း

 ဧရာဝတီဘလော့မှ
 ဒီတစ်ပါတ်က ၈၈၈၈ နှစ်ပါတ်လည်မို့ သတင်းဂျာနယ်တော်တော်များများကို ၀ယ်ဖတ်မိခဲ့ပါတယ်။ အပါတ်စဉ် ၀ယ်နေကျ ဂျာနယ်လေးများကတော့ လပေးမှာ

ယူပြီး ဖတ်တာပါ။ ဒါပေမယ့် ဒီတစ်ပါတ်တော့ တစ်ခြား မဖတ်ဖြစ်တဲ့ ဂျာနယ်တွေမှာ ၈၈၈၈ နှစ်ဆယ့်ငါးနှစ်ပြည့်နဲ့ ပတ်သက်ပြီး ဘာတွေများ ထူးထူးခြားခြား ဖတ်ရမလဲဆိုပြီး ၀ယ်နေကျ မှာနေကျ ဂျာနယ်ဆိုင်လေးကို ရောက်ခဲ့ပါတယ်။  

ဝန်ကြီး ဦးအောင်မင်း (ဓာတ်ပုံ - ဧရာဝတီ)
ဂျာနယ်ဆိုင်လေးမှာ စိန်ပြေနပြေ မတ်တပ်လေးရပ်ပြီး မျက်နှာဖုံးလေးတွေပေါ်က စာမြည်းလေးတွေ၊ စာညွှန်းလေးတွေကို လျှောက်ဖတ်ပြီး ရွေးခဲ့ပါတယ်။ ပထမဦးဆုံး ကျွန်မကို ဆွဲဆောင်လိုက်တဲ့ ဂျာနယ်ကတော့ ဦးအောင်မင်း၏ ငြိမ်းချမ်းရေးကုထုံးသစ်ကြောင့် တိုင်းပြည်မီးဟုန်းဟုန်း တောက်နိုင် လို့ ညွှန်းဖော်ထားတဲ့ လူထုပုံရိပ် ဂျာနယ်ပါ။
ဂျာနယ်တွေပိုက်ပြီး အလုပ်ခန်းပေါ်ရောက်တာနဲ့ လူထုဂျာနယ်လေးကို အပြေးအလွှားလှန်ရပါတယ်။ ပြည်သူတွေက ရွေးချယ်တင်မြှောက်လိုက်တဲ့ အစိုးရအဖွဲ့အစည်းနှယ် ဘယ့်နှယ်များ လုပ်လိုက်ကြ၊ ပြောလိုက်ကြ၊ တွေးလိုက်ကြပြန်ပြီလဲ ဆိုတဲ့ အတွေးကလည်း နောက်က ကပ်ပါလာပါတယ်။
အော် .. သြဂုတ်လ ၃ရက်နေ့ကUNFCCIမှာ ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြည်တွင်းငြိမ်းချမ်းရေးလုပ်ငန်း စဉ်များ အောင်မြင်ရန် ထိုင်းနိုင်ငံရှိ လက်နက်ကိုင်အဖွဲ့အစည်းများ ကို တိုက်တစ်လုံး၊ ကားတစ်စီး၊ ဘတ်တစ်သိန်း ပေးပြီး ဖြေရှင်းတဲ့ ပုံစံပြုလုပ်လိုတဲ့အကြောင်း၊ ထိုင်းနိုင်ငံမှာဆိုရင် လက်နက်ကိုင်သောင်းကျန်းတွေ၊ အဖွဲ့အစည်းတွေ ကို သူရှင်းပုံရှင်းနည်းက ပိုက်ဆံပေးရှင်းတာပါ။ လက်နက်ကိုင် အဖွဲ့အစည်းတစ်ယောက်လာတယ်၊ တိုက်တစ်လုံး၊ ကားတစ်စီးပေးတယ်၊ ဘတ်တစ်သိန်းပေးတယ်။ အဲသလိုလုပ်ဖို့ ကျွန်တော်တို့မှာပိုက်ဆံမရှိဘူး၊ ငြိမ်းချမ်းရေးလုပ် ငန်းစဉ်မှာ အသုံးပြုဖို့ နိုင်ငံတော်က ခွင့်ပြုထားတဲ့ ၁၀ ဘီလီယံ ကျပ်နဲ့ အခက်အခဲဖြစ်နေတဲ့အကြောင်း၊  အထက်က လူကြီးတွေက ပိုက်ဆံ ၁၀ ဘီလီယံကျပ်ချထားတယ် လို့ပြော ကြောင်း၊ လွှတ်တော်မှာရှိတဲ့ သူငယ်ချင်းတွေကိုလည်း ပြောထားတယ်။ မင်း ငါတို့ကို ပိုက်ဆံပေးဖို့လိုတယ်။ ဘယ် လောက်ပေးရမလဲဆိုတော့ မြန်မာနိုင်ငံမှာ သုံးနေတဲ့ ဘတ်ဂျက်တစ်ဝက်တိတိကို ငါ့ကိုပေးလို့ ပြောတဲ့အကြောင်းကို တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများရဲ့  အဲဒီစကားအပေါ် ဝေဖန်ပြစ်တင်သံများနဲ့ ဝေေ၀ဆာဆာ တင်ပြ ထားပါတယ်။
ကျွန်မ သိသရွေ့ နိုင်ငံရေးလောကမှာ အလွတ်သဘောပြောတယ် ဆိုတဲ့ အခန်းကဏ္ဍရှိပါတယ်။ ကျွန်မက နိုင်ငံရေးသမားလည်း မဟုတ်၊ သာမန် ဆရာမတစ်ဦး၊ သာမန်ပြည်သူထဲက ပြည်သူတစ်ဦးပါ။ ဒါ့ကြောင့် အလွတ်သ ဘောပြောတာမျိုးတွေ နိုင်ငံရေးလောကမှာ ရှိတယ်ဆိုတာ ဖတ်ရမှတ်ရဘူးပါတယ်။ တရားဝင် မဟုတ်၊ မှတ်တမ်းမ တင်တဲ့စကားမျိုးလို့ ထင်ပါတယ်။
ဒါပေမယ့် ဒီလို အလွတ်သဘောပြောဆိုတာတွေကိုလည်း သတင်းအဖြစ် ထုတ်ဖော်တင်ပြကြတာကိုလည်း တွေ့ဖူးပါတယ်။ အခုကျွန်မဖတ်လိုက်ရတဲ့ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းရဲ့ စကားက အစိုးရအဖွဲ့တစ်ခုလုံးရဲ့သဘောထား ဖြစ်ဟန်မတူပါဘူး။ သူတစ်ဦးတစ်ယောက်ထဲရဲ့ သဘောထားပဲ ဖြစ်ဟန်တူပါတယ်။  ထမင်းတစ်နှပ်လျှော့စားခိုင်းတဲ့ ၀န်ကြီးတစ်ဦးရဲ့ စကားလိုဖြစ်မှာပါ။
နိုင်ငံတော် အုပ်ချုပ်ရေးအဖွဲ့အစည်းများက သမတကအစပြုလို့ ၀န်ကြီးများအပါအ၀င်၊ လွှတ်တော်ကိုယ်စား လှယ်များအထိ အားလုံးဟာ ပြည်သူ့ကိုယ်စားလှယ်တွေဖြစ်ကြပါတယ်။ ပြည်သူက ရွေးချယ်တင်မြှောက်လိုက်တဲ့ သူတွေလို့ သူတို့ကိုယ်တိုင်က ထုတ်ဖော်ပြောဆိုပါတယ်။ ကျွန်မကိုယ်တိုင် မဲပေးခဲ့တဲ့ တစ်ဦးကတော့ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဖြစ်ပြီး၊  နောက်တစ်ဦးကတော့ ပြည်သူကြားထဲမှာပဲ ပြည်သူအဖြစ်ကျန်ရစ်ခဲ့ပါတယ်။ ၂၅%ကတော့ ကျွန်မအတွက်လည်း အူလည်လည်ဖြစ်နေဆဲမို့ မပြောလိုတော့ပါဘူး။
စကား ဟာ ဇာတိကိုပြတယ်လို့ ရှေးလူကြီးများက ဆိုပါတယ်။ စကား စကားပြောပါများ၊ စကားထဲက ဇာတိပြ လို့ဆိုကြပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က သမတ ဖြစ်ချင်တယ်လို့ပြောတုန်းကလည်း ကျွန်မ ဧရာဝတီမှာ ရေးခဲ့ပါသေးတယ်။
  နောက် သူရရွှေမန်းကလည်း သမတဖြစ်ချင်တယ်လို့ ပြောပြန်တော့ ကျွန်မ ပြုံးမိပါတယ်။ ဘာမှ မရေးဖြစ်တော့ပါဘူး။ အခုနောက်ပိုင်း ဂျာနယ်တွေမှာ သမတဖြစ်ချင်တဲ့နှစ်ဦး ဘာလုပ်မယ် ညာလုပ်မယ်ဆိုပြီး ၀ိသေသပြု ရေးကြတာကိုတွေ့ရတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စွန့်လွှတ်မှုအတွက် အားနာမိပါတယ်။
ကျွန်မတို့လူ့အဖွဲ့အစည်းဟာ ဒီမိုကရေစီသက်တမ်းနုသေးတဲ့အတွက် လွတ်လပ်တဲ့ခေတ်မှာ ကိုယ့်အမြင်၊ ကိုယ့်သဘောထားကို ထုတ်ဖော်ခွင့်ရှိပြီလို့ပဲ သိထားပုံရကြပါတယ်။ အဲဒီအတွက် လွတ်လပ်စွာ ထုတ်ဖော်ပြော ဆိုလာကြတဲ့ အခါ ကိုယ့်စကားအပေါ်ထားရမယ့်တာဝန်တွေပိုကြီးလေးလာတယ်ဆိုတာဟာ လွတ်လပ်ခြင်းရဲ့ နောက်မှာ ကပ်ပါလာပါတယ်။ အုပ်ချုပ်သူလူတန်းစား၊ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးဟာ ဘယ်သူ့ကိုပဲ ပြောပြော၊ ဘာကိုပဲပြောပြော အဲဒါဟာ လူတန်းစားအမျိုးမျိုးပါဝင်တဲ့ ပြည်သူလူထုတစ်ရပ်လုံးကို ကိုယ်စားပြုပြီး ပြောတာပါပဲ။
အကြောင်းအရာတစ်ခုကို ခြေခြေမြစ်မြစ်မသိဘဲ၊ လက်လွတ်စပယ် ပြောလိုက်တဲ့အခါ ၊ ပြီးစလွယ်ပြောလိုက် တဲ့အခါ လူထုပုံရိပ်ကရေးသလို တိုင်းပြည်မီးဟုန်းဟုန်းတောက်သွားနိုင်ပါတယ်။ ထိုင်းနိုင်ငံဖြေရှင်းနည်းကို အတုခိုးချင်သပဆိုရင်လည်း ထိုင်းနိုင်ငံ လက်နက်ကိုင်အဖွဲ့အစည်းရဲ့ သမိုင်းကြောင်းကစပြီးလေ့လာရမှာပါ။ သူတို့ရဲ့ခံယူချက်၊ သဘောထား စတာတွေကို လေ့လာပြီးတဲ့နောက် ကျွန်မတို့ နိုင်ငံက လက်နက်ကိုင်အဖွဲ့အစည်း နဲ့ ချိန်ထိုးပြီးမှ စဉ်းစားရမှာပါ။ ကျွန်မတို့ လက်နက်ကိုင်အဖွဲ့အစည်းဆိုတာ တိုင်းရင်းသားတွေကိစ္စ၊ သူတို့လိုအပ် ပြောဆိုနေတဲ့ ဖက်ဒရယ်ကိစ္စ၊ တိုင်းရင်းသားပြည်သူတွေ တန်းတူညီတူရရှိမှု၊ ရပိုင်ခွင့်တွေအတွက် လက်နက်စွဲကိုင် တော် လှန်နေ ကြတာဖြစ်တယ် ဆိုတာကိုလည်း သိရမှာဖြစ်ပါတယ်။
ခုတော့ ၀န်ကြီးဦးအောင်မင်းပြောလိုက်ပုံက အရက်ဖိုးတောင်းလို့မရလို့ သမီးကိုရိုက်နေတဲ့ သားမက်ကို ခေါ်ပြီး ယောက္ခမက ... ငါ့သမီးတော့ မလုပ်ပါနဲ့ကွာ၊ မင်းအရက်သောက်ချင်ရင် ငါ့ဆီလာတောင်းလှည့် လို့ပြောသလို ဖြစ်နေပါတယ်။ တစ်ခါတစ်ခါ ကျွန်မတို့တွေ သိရမှာက ပြသနာတစ်ခုဖြစ်လာရင် အဖြေရှာရမှာပါ။ လက်တွေ့ကျတဲ့ အဖြေကို ရှာရမှာဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးခြင်းတွေလုပ်တဲ့အခါ ကျွန်မတို့ စကားတွေပြောရတာပါပဲ။  ထိုင်းနိုင်ငံက လက်နက်ကိုင်အဖွဲ့အစည်းတွေကို ဖြေရှင်းပုံက သူ့ရဲ့ ၀ါဒ၊ ခံယူချက်၊ အခြေအနေပေါ်မှာ ဖြေရှင်းသွားတာ ဖြစ်တဲ့အတွက် နိုင်ငံခြားက လုပ်တိုင်း မှန်တယ်လို့ထင်မြင်ပြီး ပုံတူကူးချလို့မရဘူးဆိုတာ သိမြင်ဖို့လိုပါတယ်။ အဲဒီ လို လုပ်ရပ်တစ်ခုပဲဖြစ်ဖြစ်၊ အတွေးအခေါ်တစ်ရပ်ပဲဖြစ်ဖြစ် လက်ခံသင့်မသင့်ကို ဘယ်လိုဆုံးဖြတ်ရမယ်ဆိုတာလေး ကို ဗုဒ္ဓဘုရားရှင်က ...
(၁) တစ်ဆင့်စကားကြားရုံမျှဖြင့် ဟုတ်ပြီ၊ မှန်ပြီ လို့ အတည်မယူလေနှင့်
(၂) ရိုးရာအစဉ်အလာ နဲ့ကိုက်ညီတဲ့စကားမို့လို့လည်း ဟုတ်ပြီ၊ မှန်ပြီ လို့ချက်ခြင်းအတည်မယူလေနှင့် ၊
(၃) ရှေးက ဒီလိုဖြစ်ခဲ့ဖူးတယ်ဆို လို့လည်း ဟုတ်ပြီ၊ မှန်ပြီ လို့ ချက်ခြင်းအတည်မယူလေနှင့်၊
(၄) စာပေကျမ်းဂန်တို့နဲ့ ကိုက်ညီလို့လည်း ဟုတ်ပြီ၊ မှန်ပြီလို့ ချက်ခြင်းအတည်မယူလေနှင့်၊
(၅) မိမိကိုယ်တိုင် တွေးကြံနိုင်ရုံမျှနှင့်လည်း ဆင်ခြင်တုံတရားနှင့် ညီသည် ဆိုပြီး ချက်ခြင်းအတည်မယူလေနှင့်၊
(၆) နည်းမှီ ရယူရုံဖြင့်လည်း ဟုတ်ပြီ၊ မှန်ပြီလို့ ချက်ခြင်းအတည်မယူလေနှင့်၊
(၇) အခြင်းအရာကို ကြံစည်စိတ်ကူးပြီး သဘောကျရှုံမျှဖြင့်လည်း ဟုတ်ပြီ၊ မှန်ပြီလို့ ချက်ခြင်းအတည်မယူလေနှင့်၊
(၈) ငါတို့သဘောကျလက်ခံထားတဲ့ အယူဝါဒနှင့် ကိုက်ညီတယ်ဆိုပြီးလည်း ဟုတ်ပြီ၊ မှန်ပြီ လို့ချက်ခြင်းအတည်မ ယူလေနှင့်၊
(၉) မှတ်ထိုက်၊ ယူထိုက်၊ လက်ခံထိုက်တဲ့ သဘောပဲဆိုပြီးလည်း ဟုတ်ပြီ၊ မှန်ပြီလို့ ချက်ခြင်းအတည်မ ယူလေနှင့်၊
(၁၀) ငါတို့လေးစားတဲ့ ရဟန်းရဲ့ စကားပဲဆိုပြီးလည်း ဟုတ်ပြီ၊ မှန်ပြီလို့ ချက်ခြင်းအတည်မယူလေနှင့် လို့ ဟောကြားခဲ့ပါတယ်။
ဒီဟောကြားချက်ကတော့ လူတိုင်းလူတိုင်း ဗုဒ္ဓဘာသာဝင်ပဲဖြစ်ဖြစ်၊ တစ်ခြားဘာသာဝင်ပဲ ဖြစ်ဖြစ် လိုက်နာခြင်းအားဖြင့် ကျွန်မတို့ ဦးနှောက်ကလေးမှာ အလင်းတိုင်လေး ဆယ်တိုင်ထွန်းညှိထားတာနဲ့ အတူတူပါပဲ။
          ဒါ့ကြောင့် ပြည်သူတွေရွေးချယ်တင်မြှောက်ထားတဲ့ အုပ်ချုပ်သူများ၊ လွှတ်တော်ကိုယ်စားလှယ်များအနေနဲ့ က စကားတစ်ခွန်းဟာ သမိုင်းမှာ ဘယ်လိုတင်ကျန်ရစ်ခဲ့မလဲ၊ အနက်အဓိပ္ပါယ်အားဖြင့်ဘယ်လောက် တာသွားတယ်၊ တစ်ဖက်သားကို ဘယ်ရွေ့ဘယ်မျှထိခိုက်စေတယ်၊ ပြည်သူ လူထုရင်ဘတ်ကြီးကို ဘယ်လောက်ကြေမွသွားစေလဲ၊ ယုံကြည်မှု၊ တန်ဖိုးထားမှု၊ လေးစားမှုကို ဘယ်လောက်ထိခိုက်သွားစေတယ် ဆိုတာလေးကို သတိပြုဆင်ခြင်ပြီး ပြောသင့်လှပါတယ်လို့ အတွေးရောက်လို့ ဒီဆောင်းပါးလေးကိုရေးဖြစ်ပါတယ်။

                                                                                                    ဘာရာဒွါဂျာ


0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်