မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Saturday 31 August 2013

မိုးကြီး၍ တာတမံ ကျိုးပေါက်ရာမှ တောင်ကုတ်နယ်တွင် လယ်ဧက ၁၀၀၀ ကျော် ရေလွှမ်း

 

မိုးသည်းထန်စွာ ရွာသွန်းခဲ့သဖြင့် ရခိုင်ပြည်နယ် တောင်ကုတ်မြို့နယ်တွင် တာတမံ အရေအတွက် (၂၀) ခန့် ကျိုးပေါက်ကာ လယ်ဧက ၁၀၀၀ ကျော်ခန့် ရေလွှမ်းမိုးခံနေရသည်ဟု သတင်း ရရှိသည်။
တာတမံများ ကျိုးပေါက်သွားသဖြင့် ရေလွှမ်းမိုး ခံနေရသော လယ်ဧကများမှာ တန်းလွဲချောင်းရှိ ကျောက်ဆိပ်တောင်ဆည်တွင် ၈၃၀ ဧက၊ တောင်ချောင်းဆည်တွင် ၂၅ ဧက၊ တောင်ကုတ်ချောင်း တောင်ရွာအုပ်စုရှိ ချစ်လှစီဆည်တွင်  ၉၀ ဧက၊ အုန်းတောမော်ကြီးဆည်တွင် ၁၀၀ ဧက၊ ဒါးမကျ ဆည်တွင် ဧက ၂၀၀၊ လောင်အေးဆည်တွင် ဧက ၂၀၀၊ ဇီးချောင်းဆည် ၄၀ ဧက၊ ရမေးဆိပ် ဆည်တွင် ၁၀ ဧက၊ ရုံးစောက်တောင်ဆည်တွင် ၄၀ ဧက၊ ကပေါင်းဆည်တွင်  ၅၀ ဧက တို့ ဖြစ်သည်။
တာတာမံများမှာ ၀ါခေါင်လပြည့်ကျော် ( သြဂတ်စ်လ ၂၁ ရက်နေ့) မှ စတင် ရွာသွန်းခဲ့သော
မိုးကြောင့် ကျိုးပေါက် ပျက်စီးခဲ့ရပြီး ယခုတိုင် ပြန်လည် ဆည်ဖို့နိုင်ခြင်း မရှိသေးကြောင်း သိရသည်။
တာတမံများကို အချိန်မှီ ပြန်လည် မဆည်ဖို့နိုင်ပါက နောက်ထပ် မိုးရွာသည်နှင့် စိုက်ပျိုးထားသော စပါးပင်များ ပျက်စီးသွားနိုင်သည်ဟု ကျိုးပေါက်သွားသော တာတမံ အချို့အား သွားရောက် စစ်ဆေး ကြည့်ရှု့ခဲ့သူ တောင်ကုတ်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူး ဦးမင်းအောင်က နိရဉ္စရာသို့ ပြောသည်။
“ ၀ါခေါင်လပြည့်ကျော်က ရွာသွန်းခဲ့တဲ့ မိုးကြောင့် ကျွန်တော်တို့ တောင်ကုတ်မြို့နယ်ထဲမှာ တာတမံ  အခု ၂၀ ခန့် ကျိုးပေါက်သွားပြီးတော့ လယ်ဧက ၁၀၀၀ ကျော် ရေလွှမ်းမိုးသွားပါတယ်။ အဲဒီ တာတမံတွေကို အချိန်မှီ မပြုပြင်နိုင်ရင် နောက်ထပ် မိုးရွာတာနဲ့ တာတမံထဲက စပါးပင်တွေ အားလုံး ပျက်စီးသွားနိုင်ပါတယ်” ဟု ဆိုသည်။
ဒေသခံ ပြည်သူများ၏ သတင်း ပေးပို့ချက်အရ နောက်ထပ် ရွာသွန်းခဲ့သော မိုးကြောင့် တာတမံ အများအပြားလည်း ကျိုးပေါက် သွားခဲ့သည်ဟု ဆိုသည်။
အဆိုပါ တာတမံများမှာ လမူးချောင်းရှိ ငရက်ဖြူဆည်၊ မောင်ညိုမော်ဆည်၊ ၀က်မြုတ် ဆည်၊ မညှင်းတောင်ဆည်၊ နဂါးမော်ဆည်၊ ရန်ဒေတောင်ဆည်၊ အထက်နဂါးမော်ဆည်၊ အထက်ပနံချောင်း ဆည်၊ အောက်ပနံချောင်းဆည်တို့ ဖြစ်ကြသည် ဟု သိရသည်။
လမူး ဒေသခံ တစ်ဦးကလည်း သူတို့ ဒေသတွင် ကျိုးပေါက်သွားသော ဆည်များအား အချိန်မှီ ပြန်လည် မဆည်ဖို့ နိုင်ပါက လယ်သမား ၄၅၀ ခန့်  ဒုက္ခရောက်နိုင်ကြောင်း ပြောဆိုသည်။
“ ကျွန်တော်တို့ ကျိုးပျက်သွားတဲ့ တာတမံတွေကို ပြန်လည်ပြုပြင်ဖို့ဆိုရင် လူအင်အား၊ ငွေအင်အား အမြောက်အများ လိုအပ်နေပါတယ်။ တကယ်လို့သာ ဒီကျိုးပျက်သွားတာတွေကို ပြန်လည် မပြုပြင်နိုင်ရင် စပါးတွေ ပျက်စီးပြီးတော့  အဲဒီနေရာမှာ လုပ်ကိုင်စားသောက်နေကြတဲ့ လယ်သမား ၄၅၀ လောက်ဟာ အတိဒုက္ခရောက် သွားနိုင်ပါတယ်။”
လက်ရှိ အချိန်ထိ ကျိုးပေါက်သွားသော တာတမံဆည်များကို သက်ဆိုင်ရာမှ ပြန်လည် ဆည်ဖို့ ပေးခြင်း မရှိသေးသလို လယ်သမားများအားလည်း လူထု လုပ်အားဖြင့် ပြန်လည် ဆည်ဖို့ကြရန် ညွှန်ကြားချက်များ ထုတ်ပြန်ပေးခြင်း မရှိသေးကြောင်း သူက ဆိုသည်။
တာတမံများကို ပြန်လည် ဆည်ဖို့ နိုင်ခြင်း မရှိပါက ယခုနှစ် တောင်ကုတ်မြို့နယ်၏ စိုက်ပျိုးရေးကို အထူး ထိခိုက်နိုင်သည်ဟု လယ်သမားများက ပြောဆိုသည်။

( နိရဉ္စရာ- ၁ စက်တင်္ဘာ ၂၀၁၃) / မောင်ရမ္မာ

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်