မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Monday 2 February 2015

ကျောင်းသားအသွင်ယူသူမှာ စ.ရ.ဖ မှဖြစ်ကြောင်း ရေနံချောင်းရဲတပ်ဖွဲ့ အတည်ပြု

Written by  အောင်ကိုဦး

ရေနံချောင်း (မဇ္ဈိမ)။ ။ အမျိုးသား ပညာရေး ဥပဒေ သပိတ်မှောက် စစ်ကြောင်းအတွင်း စ.ရ.ဖ မှ ကျောင်းသား အသွင်ယူထားသူ တစ်ဦးကို သပိတ်စစ်ကြောင်းအတွင်း တွေ့ရှိ၍ ကျောင်းသားများက ရေနံချောင်း ရဲတပ်ဖွဲ့ထံ ဖေဖော်ဝါရီ ၁ရက် ည ၁၀နာရီခန့်က သွားရောက်အပ်နှံရာ ရဲတပ်ဖွဲ့က စစ်ဆေးပြီး စ.ရ.ဖ တပ်သားတစ်ဦးဖြစ်ကြောင်း အတည်ပြုသည်။
Army-Pretension-Student-Strike-03
အမျိုးသား ပညာရေး ဥပဒေ သပိတ်မှောက် စစ်ကြောင်းအတွင်း စ.ရ.ဖ မှ ကျောင်းသား အသွင်ယူထားသူ တစ်ဦးကို  တွေ့ရှိ၍ ကျောင်းသားများက ရေနံချောင်း ရဲတပ်ဖွဲ့ထံ ဖေဖော်ဝါရီ ၁ ရက် ည ၁၀ နာရီခန့်က သွားရောက်အပ်နှံစဉ်။ (ဓာတ်ပုံ - အောင်ကိုဦး၊ မဇ္ဈိမ)
"စီစစ်ပြီး အရေးယူသွားမှာပါ။ ကျွန်တော်တို့ လုံခြုံရေး ယူထားပါတယ်။ အခုလည်း တပ်နဲ့ဆက်သွယ်ပြီးမှ အတည်ပြုတာပါ။ ကျောင်းသားအတွင်း ထပ်မံရှိမရှိ စိစစ်ပေးသွားမယ်။"ဟု ရေနံချောင်း ရဲစခန်းမှ ဒုရဲမှူး အောင်သန်းဝင်းက မဇ္ဈိမကို ပြောသည်။
၎င်း တပ်သားအား အရေးယူနိုင်ရန် တပ်မတော်ဘက်သို့ လွှဲပြောင်းပေးမည်ဟုလည်း ၎င်းက မဇ္ဈိမကို ပြောသည်။
ဗ.က.သ များအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ကိုမိုးထက်နေက "ဒီလိုမျိုးလုပ်တာတော့မကောင်းဘူး။ အခုလို လုပ်တာကို ရှုတ်ချပါတယ်။ ကျွန်တော်တို့ ငြိမ်းချမ်းစွာလုပ်ဆောင်နေတာကို အခုလို သူလျိုထည့်တာကတော့ သူတို့ အကြံအစည်တစ်ခုရှိနေလို့ပါ။ ကျွန်တော်တို့ သတိထားလုပ်ဆောင်သွားဖို့ လိုပါတယ်။ အခု သူ့ကို ရဲအပ်တယ်ဆိုတာက ကျွန်တော်တို့ သူ့ကို ဘာမှမလုပ်ဘူးဆိုတာ
သိအောင်လို့ရယ်နဲ့ သူတို့ကို ဥပဒေအတိုင်း အရေးယူပေးဖို့အပ်တာပါ"ဟု မဇ္ဈိမကို ပြောသည်။
ဖေဖော်ဝါရီ ၁ရက် ညက ကျောင်းသားထုအတွင်း စ.ရ.ဖ အသွင်ယူသူ တပ်သားကို ကျောင်းသားအဖွဲ့များက တွေ့ရှိ၍ ကျောင်းသားများ တည်းခိုနေရာ ရေနံချောင်းမြို့၊ အိုးဘိုရပ်ကွက်ရှိ စပ္ပာယ်ရုံကျောင်းတိုက်တွင် ထိန်းသိမ်းထားပြီး ရေနံချောင်းမြို့နယ် ရဲတပ်ဖွဲ့ထံ ဖေဖော်ဝါရီ ၁ရက် ည ၁၀နာရီခန့်တွင် လွှဲပြောင်းပေးရန် ကျောင်းသားများ၊ ဆရာတော်များ နှင့် ရပ်မိရပ်ဖများ၊ အိုးဘိုရပ်ကွက် အုပ်ချုပ်ရေးမှူးတို့ နှင့်အတူ သွားရောက် အပ်နှံခဲ့ခြင်း ဖြစ်သည်။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်