မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Tuesday 17 February 2015

မြန်မာ့ အရေးကျွမ်းကျင်သူ (ယူနန်ပြည်နယ်အစိုးရအကြံပေး) ဒေါက်တာလီချန်ယန်းနှင့် တွေ့ဆုံခြင်း




-စိုင်းထွန်းအောင်လွင် တွေ့မေးသည်။

သမ္မတဦးသိန်းစိန်အစိုးရလက်ထက် အမေရိကန်အပါအဝင် အနောက်နိုင်ငံတွေနဲ့ ဆက်ဆံရေးတိုး တက်ကောင်းမွန်လာမှုနဲ့အတူ တရုတ်နဲ့ မြန်မာနိုင်ငံ အကြားမှာလည်း ဆက်ဆံရေး ဆက်လက်ကောင်းမွန်လာ အောင် ကြိုးစားနေတာ တွေ့ရပါတယ်။ လက်ရှိအချိန်ကို ကြည့်မယ်ဆိုရင် လက်ပံတောင်းကိစ္စ၊ ကချင်ပြည်နယ် မှာ သစ်လုပ်ငန်း လုပ်ကိုင်နေသူ တရုတ်နိုင်ငံသားတွေကို ဖမ်းဆီးမှု၊ နယ်စပ်အနီး လက်နက်ကိုင်တွေနဲ့ ပဋိပက္ခ တွေ ဖြစ်နေမှု စတဲ့အကြောင်းရာတွေပေါ် မူတည်ပြီး နှစ်နိုင်ငံဆက်ဆံရေးအပေါ် သင်္ကာမကင်းဖြစ်မှုတွေ ရှိ လာပါတယ်။
အဲဒီကိစ္စတွေ အပါအဝင် ပထဝီနိုင်ငံရေးဆိုင်ရာ ကိစ္စရပ်တွေနဲ့ ပတ်သက်လို့ မြန်မာ့အရေးကျွမ်း ကျင်သူလည်းဖြစ်၊ ယူနန်တက္ကသိုလ် ပါမောက္ခလည်းဖြစ်ပြီး ယူနန်ပြည်နယ်အစိုးရရဲ့ အကြံပေးလည်းဖြစ်သူ၊ မြစ်ဆုံ၊ တရုတ်-မြန်မာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်းစတဲ့ စီမံကိန်းတွေ အကောင်အထည်ဖော်ဖို့ ကြားဝင် ဆောင်ရွက်ပေးခဲ့တဲ့ ဒေါက်တာလီချန်ယန်းကို ဖလားဝါးနယူးစ်ဂျာနယ်မှ အမှုဆောင်အယ်ဒီတာ စိုင်းထွန်းအောင် လွင်က တွေ့ဆုံမေးမြန်းထားတာကို ဖော်ပြလိုက်ပါတယ်။
မေး - တရုတ်-မြန်မာ ဆက်ဆံရေးသမိုင်းကြောင်းကို ပြန်ကြည့် မယ်ဆိုရင် ဒုတိယကမ္ဘာစစ်အပြီး ကာလကစလို့ ခေတ် ကာလအလိုက် အနိမ့်အမြင့် အတက်အကျတွေရှိခဲ့တာ
တွေ့ရတယ်ပေါ့နော်။
တစ်ဖက်မှာ အခုလက်ရှိအချိန်ကို ကြည့်ရင်လည်း မြန်မာအနေနဲ့ သမ္မတဦးသိန်းစိန်အစိုးရ လက်ထက်မှာ အမေရိကန်အပါအဝင် အနောက်နိုင်ငံ တွေနဲ့ ဆက်ဆံရေး ကောင်းမွန် လာအောင်ကြိုးစားလာ တာ တွေ့ရသလို နဂိုဆက်ဆံရေးကောင်းခဲ့ပြီးသား တရုတ်လို နိုင်ငံတွေနဲ့လည်း ဆက်ဆံရေး ဆက်လက် ကောင်းမွန်နေအောင် ကြိုးစားနေတာတွေ့ရတယ်။
တရုတ် နိုင်ငံကို ကြည့်မယ်ဆိုရင်လည်း သမ္မတသစ်ဖြစ်တဲ့ ရှီ ကျင့်ပင် အစိုးရလက်ထက်မှာ နိုင်ငံခြားရေး မူဝါဒကို တော်တော်လေး အလေးထားပြီး ပြောင်းလဲမှုတွေ ပြု လုပ်လာတာ တွေ့ရတယ်။ ဆိုတော့ လက်ရှိအနေအ ထားမှာ တရုတ်-မြန်မာ ဆက်ဆံရေးက အကောင်း ဘက်ကို ဦးတည်နေတယ်လို့ ပြောလို့ရသလား။
ဖြေ - သမ္မတဦးသိန်းစိန် အာဏာရယူလာပြီး ၂ဝ၁၁ ခုနှစ်ကစလို့ ပြီးခဲ့တဲ့နှစ် ၂၅ နှစ်လုံးလုံး ကောင်း မွန်ခဲ့တဲ့ တရုတ်-မြန်မာ ဆက်ဆံရေးမှာ ပြောင်းလဲမှု တွေ ရှိခဲ့တယ်။ အပြောင်းအလဲတွေကလည်း မြန်ဆန် လွန်းခဲ့တာ တွေ့ရပြီး ၂ဝ၁၂ ခုနှစ်လောက်အထိကို ကျွန်တော်တို့ တရုတ်ဘက်က အဲဒီအပြောင်းအလဲအ ပေါ်မှာ အံဝင်ခွင်ကျနဲ့ နေသားတကျ မဖြစ်ခဲ့ပါဘူး။ နောက်ပိုင်းမှာတော့ တတ်နိုင်သမျှ ပြေလည်အောင် ကြိုးစားကြရင်း အခုဆိုရင်တော့ တဖြည်းဖြည်း အသား ကျလာပြီဖြစ်သလို တရုတ်အစိုးရရဲ့ နိုင်ငံခြားရေး ပေါ် လစီကလည်း ရှီကျင့်ပင်အစိုးရလက်ထက်မှာ တကယ် ပဲ ပြောင်းလဲလာခဲ့ပြီလို့ ကျွန်တော် သေသေချာချာ ပြောနိုင်ပါတယ်။ အခုတော့ ဆက်ဆံရေးက တော် တော့်ကို ပြန်လည်ကောင်းမွန်လာပါပြီ။ ဆန့်ကျင်ကန့် ကွက်မှုတွေရှိခဲ့တဲ့ လက်ပံတောင်းတောင် စီမံကိန်းတို့ လို စီမံကိန်းတွေနဲ့ ရေနံနဲ့သဘာဝဓာတ်ငွေ့ ပိုက်လိုင်း တွေလို ကိစ္စတွေမှာလည်း ပူးပေါင်းပြီး ဆောင်ရွက်နေ ပါတယ်။
ကျွန်တော့်အမြင်အရတော့ အဲဒီစီမံကိန်းတွေ က ဆက်လက် အကောင်အထည် ဖော်နိုင်ပါလိမ့်မယ်။ စိန်ခေါ်မှုတွေကတော့ အနည်းနဲ့အများ ရှိနေဦးမှာပါ။ ဒါပေမဲ့ နှစ်နိုင်ငံ လက်တွဲဆောင်ရွက်မှုတွေနဲ့အတူ အ ခက်အခဲတွေကို ကျော်လွှားနိုင်ပါလိမ့်မယ်။ တရုတ်အ စိုးရအနေနဲ့လည်း တပ်မတော်ကနေ အရပ်ဘက်အစိုးရ အဖြစ် ပြောင်းလာခဲ့တဲ့ မြန်မာနိုင်ငံအပေါ် စိုးရိမ်မှုကြီး ကြီးမားမား ထားစရာမလိုပါဘူး။ တချို့ကလည်း ပထဝီ နိုင်ငံရေးကို အကြောင်းပြုပြီး စိုးရိမ်ကြတယ်။ ကျွန်တော် ထင်တာကတော့ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲတွေက အနာဂတ် တရုတ်-မြန်မာ ဆက်ဆံရေးကို ထိခိုက်နိုင် တဲ့ အကျိုးသက်ရောက်မှုတွေ ရှိစေမှာမဟုတ်ပါဘူး။ အစိုးရချင်းအစိုးရ၊ အစိုးရနဲ့ပြည်သူ၊ ပြည်သူချင်း ပြည် သူ စတဲ့ ဆက်ဆံမှုတွေကလည်း နှစ်နိုင်ငံ ဆက်ဆံရေး ကောင်းမွန်အောင်အတွက် အထောက်အပံ့ ဖြစ်စေပါ လိမ့်မယ်။
လောလောဆယ်အချိန်မှာ ဒီလိုဆက်ဆံရေး တွေကလည်း စတင်နေပါပြီ။ ဒါကတော့ ကျွန်တော့်ရဲ့ တရုတ်-မြန်မာ ဆက်ဆံရေးအခြေအနေအပေါ် ထင် မြင်ယူဆချက်ပဲဖြစ်ပါတယ်။ လက်ရှိအခြေအနေ က နေ ပိုကောင်းအောင်လည်း နှစ်ဖက်နိုင်ငံက တာဝန်ရှိ သူတွေအနေနဲ့ ကြိုးစားကြရမှာပါ။ ဘာပဲပြောပြော ဆက်ဆံရေး ရေရှည်တည်တံ့ခိုင်မြဲမှုတွေက နှစ်နိုင်ငံ အတွက် ရေရှည် အကျိုးဖြစ်ထွန်းစေပါလိမ့်မယ်။
တရုတ်-မြန်မာ ဆက်ဆံရေးကို ပြန်ကြည့်မယ်ဆိုရင် ပြေလည်မှုရှိခဲ့တဲ့ ခေတ်တွေ ရှိသလို မရှိတဲ့အခါတွေ လည်း ရှိတယ်။ ပြေလည်မှုမရှိတဲ့ အချိန်တုန်းကဆိုရင် နယ်စပ်ပြဿနာတွေလည်း ရှိခဲ့တာတွေ့ရတယ်။ နောက် တစ်ခုက တရုတ် အစိုးရအနေနဲ့ မြန်မာအစိုးရ နီးစပ်လာ ခဲ့တဲ့ အချိန်ကိုပြန်ကြည့်ရင် မြန်မာနိုင်ငံမှာက ရှစ်လေး လုံးအရေးတော်ပုံအပြီး နဝတအစိုးရတက်တဲ့ ကာလ တွေမှာ ဖြစ်နေတယ်။
မေး - ပြဿနာက အဲဒီအချိန်မှာ ပြည် သူတွေအဖို့ကျတော့ ဒီတပ်မတော် အစိုးရက ရွံကြောက် စရာကြီးလို ဖြစ်နေခဲ့တယ်။ တစ်ဖက်မှာလည်း တရုတ် အစိုးရအနေနဲ့ကတော့ အဲဒီအချိန်ကာလက တပ်မတော် အစိုးရဆိုတာက တရုတ်ရဲ့ မြန်မာအစိုးရအပေါ်ရပ်တည် ပေးမှုအရ မြန်မာအစိုးရအဖို့ သူ့အသက်ဆက်နိုင်ရေးအတွက် တကယ်ပဲအရေးပါခဲ့တာ တွေ့ရတယ်။
ပြောင်းလဲလာတဲ့ ၂ဝ၁၁ နောက်ပိုင်းမှာတော့ တရုတ်နဲ့ပတ်သက်တဲ့ စီမံကိန်းတွေ
မှာ ပြည်သူတွေက ဆန့်ကျင်ကြတာတွေရှိ လာတယ်။ အခုနောက်ဆုံး လက်ပံတောင်းမှာဖြစ်သွားခဲ့တဲ့ ကိစ္စတွေအပါအဝင် ကိစ္စရပ်တွေကို ပြန်ကြည့်မယ်ဆိုရင် ပြည်သူတွေက တရုတ်စီမံကိန်းတွေအပေါ် အမြင်ကြည်လင်
မှုမရှိလှသေးတာလည်း တွေ့ရတယ်။ အဲဒီကိစ္စတွေနဲ့ ပတ်သက်လို့ရော လက်ရှိေ ပြောင်းလဲကျင့်သုံးနေတဲ့ တရုတ်အစိုးရရဲ့ မူဝါဒက အလုပ်ဖြစ်နိုင်ပါ့မလား။
ဘယ်လိုပြောရမလဲဆိုတော့ တကယ်တော့ နိုင်ငံတကာ ဆက်ဆံရေး
ဘက်မှာဆိုရင် ရှီကျင့်ပင်ရဲ့မူဝါဒက အတော်ကို ကောင်း မွန်တာ တွေ့ရပါတယ်။
သူ့ရဲ့ မူဝါဒက မူလဒေသခံတွေ ရဲ့ အကျိုးစီးပွားကို ဦးစားပေးတယ်။ သူ့မူဝါဒရဲ့ အ ခြေခံသဘောတရားက ကျင့်ဝတ်နဲ့အညီ ဆောင်ရွက် ပြီး ရွှေလက်တွဲလို့ နှစ်ဦးနှစ်ဖက် အကျိုးအမြတ်ရှိရေး ကို အခြေခံတယ်။
ရှီကျင့်ပင်အနေနဲ့ နိုင်ငံခြားမှာ ရင်း နှီးမြှုပ်နှံမှု ပြုလုပ်နေတဲ့ တရုတ်ကုမ္ပဏီတွေကို ကုမ္ပဏီ တွေအနေနဲ့ ဒေသခံပြည်သူတွေကို လေးစားဖို့၊ သဘာ ဝရင်းမြစ်တွေနဲ့ သယံဇာတတွေကို ထုတ်ယူသုံးစွဲရာ မှာ နိုင်ငံတကာ စံချိန်စံညွှန်း နွှု စံချိန်စံညွှန်းတွေ နဲ့ အတူဆောင်ရွက်ဖို့၊ စီမံကိန်းကြောင့် သက်ရောက်မှု ရှိတဲ့ ဒေသခံတွေ မနစ်နာရအောင် သူတို့ရဲ့ လူမှုအကျိုး စီးပွား ထိခိုက် မနစ်နာရ အောင်နဲ့ တာဝန်သိ ရင်းနှီးမြှုပ် နှံမှု ဖြစ်စေဖို့အတွက် အဲဒီရပ်ရွာဒေသတွေ ဖွံ့ဖြိုးရေး လုပ်ငန်းတွေ ဆောင်ရွက်ပေးဖို့ကိုလည်း ညွှန်ကြားထား ပါတယ်။
တစ်နည်းတစ်ဖုံအားဖြင့်ဆိုရင်တော့ စီးပွား ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေမှာ တရုတ်နိုင်ငံရဲ့ အခုမူဝါဒအသစ်ဟာ အကျိုးများနိုင်တဲ့ မူဝါဒဖြစ်ပြီး မူဝါဒကောင်းမွန်တယ်လို့ ဆိုရမှာဖြစ်ပါတယ်။ တရုတ်အနေနဲ့ နိုင်ငံအများကြီးမှာ လုပ်နေတာဖြစ်နေတဲ့အတွက်တချို့နေရာလေးတွေမှာလည်း အားနည်း နေတာလေးတွေတော့ ရှိကောင်းရှိနေ မှာပေါ့။
ဘာပဲပြောပြောအများစုက တရုတ်နိုင်ငံရဲ့ ဥပဒေတွေချ မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာသလို သက်ဆိုင်ရာနိုင်ငံတွေရဲ့ စည်းမျဉ်းစည်းကမ်းဥပဒေတွေ ကိုလည်း အတတ်နိုင်ဆုံး လိုက်နာဆောင်ရွက်နေတာကို တွေ့နိုင်ပါတယ်။ အပြည့်အဝ လိုက်နာဆောင်ရွက်ဖို့က လည်း တကယ်ပဲ အရေးကြီးပါတယ်။
တရုတ်ကုမ္ပဏီက မြန်မာအစိုးရနဲ့ ချုပ်ဆိုတုန်း က စာချုပ်ကအရေးကြီးတယ်။ အခုက မြေဈေးကတက် လာတယ်။ ၂ဝ၁ဝ နောက်ပိုင်းမှာ သိသိသာသာ တက်လာ တယ်။ ဒီမြေဈေးကြီးမြင့်မှုတွေက မဖိတ်ခေါ်ဘဲ ရောက် လာတဲ့ ကိစ္စတွေဖြစ်တယ်။ ပထမတစ်ချက်အနေနဲ့က တော့ မြန်မာပြည်သူတွေနဲ့ အစိုးရတို့အနေနဲ့ မူလစာချုပ် တွေကို လေးစားလိုက်နာဖို့လိုတယ်။
ဒုတိယအချက်အ နေနဲ့ ကျေနပ်မှုမရှိခဲ့ဘူး၊ အရင်စာချုပ်တွေက မမျှတဘူး လို့ ယူဆတယ်ဆိုရင် မြန်မာပြည်သူတွေ အစိုးရတို့အနေ နဲ့ တရုတ်ကုမ္ပဏီတွေနဲ့ ဆွေးနွေးမှုတွေ ညှိနှိုင်းမှုတွေလုပ် ရမယ်။ သင့်တော်တဲ့ဈေးနှုန်းအထိတော့ တတ်နိုင်မယ် ထင်တဲ့အထိတော့ လျော်ကြေးတိုးပေးမှာ အသေအချာ ပဲ။ တကယ်လို့ တောင်းဆိုတာတွေကလည်း တအားများ နေတယ်၊
ကုမ္ပဏီတွေကလည်း အမြတ်စွန်းမရနိုင်တော့ ဘူးဆိုရင် ပေးနိုင်မှာမဟုတ်ပါဘူး။ ဘယ်ကုမ္ပဏီမှာလည်း အမြတ်အစွန်းမရနိုင်ဘဲ လာရောက် ရင်းနှီးမြှုပ်နှံလိမ့် မယ်လို့ ကျွန်တော် မထင်ပါဘူး။ တရုတ်ရဲ့တံခါးဖွင့်ဝါဒ ကို စတင်ကျင့်သုံးတဲ့ ကာလတွေကတည်းက တရုတ် ကုမ္ပဏီတွေအနေနဲ့ နိုင်ငံတကာနဲ့ အဆက်အဆံတွေ များလာသလို တစ်ဖက်မှာလည်း စီးပွားရေးတိုးတက်မှု တွေနဲ့အတူ စွမ်းအင်တွေ၊ သတ္တုတွေနဲ့ သဘာဝအရင်းအ မြစ်ကုန်ကြမ်း လိုအပ်ချက်တွေကလည်း မြင့်လာတယ်။ အဲဒီတော့ တရုတ်ကုမ္ပဏီတွေအနေနဲ့ ပြည်ပကိုထွက် ပြီး သူတို့နိုင်ငံမှာ လိုအပ်နေတဲ့ကုန်ကြမ်းတွေကို ရှာရ တယ်။ ရင်းနှီးမြှုပ်နှံတာတွေ သွားလုပ်ရတယ်။ သူတို့မှာ လည်း အတွေ့အကြုံတွေ အများကြီးရခဲ့တယ်။
တရုတ် ကုမ္ပဏီတွေအနေနဲ့ ငွေနဲ့နည်းပညာကို အသုံးပြုပြီး ရင်း နှီးမြှုပ်နှံမှုတွေ သွားလုပ်ရသလို တစ်ဖက်မှာလည်း ဒီနည်း ပညာတွေအတွက် တခြားနိုင်ငံတွေမှာ လေ့လာသင်ယူခဲ့ ရတယ်။ အဲဒီကနေမှ ခုလိုအခြေအနေကို ရောက်လာ တာပါ။ မြန်မာအနေနဲ့လည်း အဲဒီအတွေ့အကြုံတွေကို မြန်မာမှာ လာရောက်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်နေတဲ့ တရုတ် ကုမ္ပဏီတွေဆီကနေ ရနိုင်ပါတယ်။ ခုလိုအချိန်မှာ အ ရေးကြီးဆုံးက မြန်မာပြည်သူတွေနဲ့ မြန်မာအစိုးရဟာ တရုတ် ကုမ္ပဏီတွေနဲ့ မူလကချုပ်ဆိုခဲ့တဲ့ စာချုပ်တွေကို လေးစားလိုက်နာဖို့က အရမ်း အရေးကြီးပါတယ်။ ဒေသ ခံတွေရဲ့ မြေယာလျော်ကြေးနဲ့ပတ်သက်လို့တော့ တရုတ် ကုမ္ပဏီတွေအနေနဲ့ တတ်နိုင်သမျှပေးမှာပါပဲ။ ဒီလိုမှ မဟုတ်ဘူး မကျေနပ်နိုင်ဘူး။ စီမံကိန်းဖျက်သိမ်းရေး တွေပဲ တောင်းဆိုနေမယ်ဆိုရင် တရုတ် ကုမ္ပဏီတွေအနေ နဲ့ မြန်မာမှာ လာရောက်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်တော့မှာ မဟုတ်ပါဘူး။
တချို့ရင်းနှီးမြှုပ်နှံမှုတွေက တကယ်ပဲ တရား မျှတမှုမရှိခဲ့ဘူး စာချုပ်တွေက မျှတမှုမရှိခဲ့ဘူးဆိုရင် တ ကယ်ပဲ ပြင်ဆင်ရပါမယ်။ တချို့လုပ်ငန်းတွေက ပြောင်း ရပါမယ်။ မျှတမှုမရှိဘူးဆိုရင် အရင်းအမြစ်ခွဲဝေမှုတွေ ကို ပြောင်းရပါမယ်။ ထုတ်လုပ်မှုတွေကနေ အကျိုးအ မြတ် မူလထက်ပိုပေးတာမျိုးပေါ့လေ ဥပမာအားဖြင့်- ဒေ သခံတွေကို မူလအခြေအနေတွေထက် ပိုနိမ့်ကျမသွား အောင် စီစဉ်ပေးရမယ်။
ထို့နောက် တရုတ်ကုမ္ပဏီတွေအနေနဲ့ ပိုပြီး ပွင့်လင်းမြင်သာမှုတွေ ရှိရမယ်။ ဒေသခံပြည်သူတွေအ နေနဲ့ ဘယ်လောက်အကျိုးအမြတ်တွေ ရနိုင်မလဲဆိုတာ နဲ့ပတ်သက်လို့ ရှင်းရှင်းလင်းလင်း ထုတ်ပြန်ဖို့လိုသလို ဒီစီမံကိန်းတွေကနေ တာဝန်သိရင်းနှီးမြှုပ်နှံမှုအဖြစ် ကျောင်းတွေ၊ အစားထိုးအိမ်ရာတွေ ပြန်ပေးတာ၊ အလုပ် အကိုင်တွေ ပြန်ခန့်ပေးတာအပါ ဖွံ့ဖြိုးရေးအတွက် ဘယ် လောက် ဆောင်ရွက်ပေးနိုင်သလဲဆိုတာတွေပါ တိတိ ကျကျ ပြောပြထားရမယ်။
မေး - သမ္မတဦးသိန်းစိန်အစိုးရလက်ထက်မှာ ခေတ္တရပ်နားထား တဲ့ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ရော။ အခုထက်ထိ ဒီစီမံကိန်းကို ပြည်သူတွေကလည်း ပြန်လည်မစတင်ဖို့ ကန့်ကွက်နေကြတယ်။ မြစ်ဆုံနဲ့ပတ်သက်လို့ ဒီစီမံကိန်း က အပြီးပိုင်ဖျက်သိမ်းဖို့ အချိန်ကျရောက်ပြီလို့ဆိုနိုင်သ လား။
ဖြေ - သမ္မတဦးသိန်းစိန်လက်ထက်မှာ ဆက်လက် ဆောင်ရွက်ခြင်းမပြုဖို့ ညွှန်ကြားထားခဲ့တဲ့တဲ့ မြစ်ဆုံနဲ့ပတ် သက်လို့တော့ တိကျရေရာတဲ့ မှတ်ချက်ကို ကျွန်တော် မပေးနိုင်ဘူး။ ဒါကလည်း ကျွန်တော်က စွမ်းအင်ထုတ် လုပ်ရေးနဲ့ ပတ်သက်လို့ ကျွမ်းကျင်သူတစ်ယောက်မဟုတ် တဲ့အတွက်ကြောင့်ပါ။ ဒါပေမဲ့ ဒီ မြစ်ဆုံစီမံကိန်းဆက် လက်ဆောင်ရွက်ဖို့ ရွှေ့ဆိုင်းထားတာဟာ တကယ်ဖြစ် သင့်လား မဖြစ်သင့်လား ဆိုတာကတော့ တတ်နိုင်ရင် နိုင်ငံတကာက ကျွမ်းကျင်သူတွေကိုခေါ်ပြီး စစ်ဆေးမှု တွေ၊ စစ်တမ်းကောက်ခံမှုတွေ လုပ်သင့်ပါတယ်။ ဘယ် လို သက်ရောက်မှုရှိနိုင်သလဲ အကျိုးများနိုင်သလားနည်း နိုင်သလား ဆိုပြီးတော့ပါ။ ကျွန်တော်တို့အနေနဲ့လည်း ဒေသခံတွေရဲ့ ဓလေ့ထုံးတမ်းတွေ၊ ယဉ်ကျေးမှုတွေ၊ ကိုးကွယ်မှုတွေအပေါ် အလေးထားပါတယ်။ စစ်တမ်း ကောက်ယူရာမှာလည်း အဲဒီအချက်တွေက ပါပါလိမ့် မယ်။
လောလောဆယ်အခြေအနေအရတော့ ခေတ္တရပ် ဆိုင်းထားတယ်ဆိုပေမယ့် ကျွမ်းကျင်သူတွေရဲ့မှတ်ချက် တွေ စစ်တမ်းကောက်ခံမှုတွေ မပါသေးတဲ့အတွက် မြစ် ဆုံစီမံကိန်း ဆက်လက် အကောင်အထည်ဖော်သင့်မသင့် ဆိုတာနဲ့ ပတ်သက်လို့တော့ သုတေသနလုပ်ငန်းတွေ ပို ပြီးဆောင်ရွက်သင့်တယ်လို့ပဲ ပြောနိုင်ပါတယ်။
မေး - ဒီစီမံကိန်းက ယူနန်ပြည်နယ်အတွက် စွမ်းအင်ကဏ္ဍမှာ တော်တော် အရေးပါတဲ့ အနေအထားမှာရှိနေသလား။
ဖြေ - ယူနန်ပြည်နယ်အတွက်ကတော့ စွမ်းအင်က လုံလောက်ပါတယ်။ ယူနန်မှာ ရေအားလျှပ်စစ်စီမံကိန်း တွေကလည်း အများကြီးရှိပါတယ်။ ဒီစီမံကိန်းက ကွမ် တုံတို့လိုဒေသတွေအတွက် ရည်ရွယ်ထားတာပါ။ မြန်မာ နိုင်ငံ လျှပ်စစ်ဓာတ်အားအလိုရှိပါက ၁ဝဝရာခိုင်နှုန်းပေး ပို့နိုင်ပါတယ်။ မြန်မာနိုင်ငံအတွက်လည်း အကျိုးအမြတ် တွေရရှိမှာဖြစ်ပြီး မြန်မာနိုင်ငံရဲ့ စွမ်းအင်လိုအပ်ချက် အတွက်လည်း အထောက်အကူပြုစေပါလိမ့်မယ်။
မေး - ပြီးခဲ့တဲ့နှစ်လလောက်ကစလို့ မြန်မာ့အရေးနဲ့ပတ်သက် လို့ လေ့လာသူတွေအကြား သံသယဝင်နေကြတာတွေ ရှိတယ်။ လက်ပံတောင်းနဲ့ ပတ်သက်လို့ ဆန့်ကျင်ကန့်ကွက် မှုတွေပေါ်လာတာနဲ့ တစ်ပြိုင်နက်တည်းမှာ လိုလိုပဲ ကချင် ပြည်နယ်မှာ သစ်ကိစ္စပေါ်လာတယ် တရုတ်နိုင်ငံသားတွေ အဖမ်းခံရတယ်။ ပြီးတော့ အရင်က လူမျိုးစုလက်နက်ကိုင် ခေါင်းဆောင် တစ်ယောက်ဖြစ်တဲ့ ကိုးကန့်ခေါင်းဆောင် ဟောင်း ဖုန်ကြားရှင် ဦးဆောင်တဲ့ကိုးကန့်အဖွဲ့က မြန်မာ အစိုးရကို ပြန်တိုက်မယ်ဆိုပြီး တရုတ်ဂလိုဘယ်တိုင်းမ်နဲ့ အင်တာဗျူးလုပ်ပြီး မီဒီယာတွေအပေါ် ပြန်ပေါ်လာတယ်။
ဒီရက်ပိုင်းမှာဆိုရင်လည်း ဖုန်ကြားရှင်တပ်တွေနဲ့ အစိုးရ တပ်တွေအကြားတိုက်ပွဲတွေဖြစ်ဆဲပဲ။ အဲဒီကိစ္စတွေက ပထဝီနိုင်ငံရေးအရ ဆက်စပ်မှုရှိနိုင်တယ်ဆိုပြီး မြန်မာ့ အရေးလေ့လာသူ တော်တော်များများက သုံးသပ်ကြ တယ်။ အဲဒီအပေါ်မှာရော ဘယ်လိုယူဆသလဲ။ ယူနန်နဲ့ မြန်မာ့အရေးမှာ ကျွမ်းကျင်သူတစ်ယောက်ဖြစ်တဲ့ ဒေါက် တာ့အနေနဲ့ ဘယ်လိုမှတ်ချက်ပြုလိုသလဲ။
ဖြေ - လက်ပံတောင်းကိစ္စ၊ တရုတ်နိုင်ငံသားတချို့ ကို မြန်မာစစ်တပ်က ဖမ်းတဲ့ကိစ္စ၊ ဖုန်ကြားရှင်က ဂလို ဘယ်တိုင်းမ်နဲ့ အင်တာဗျူးပြီး မြန်မာအစိုးရကို တိုက်မယ် ဆိုပြီး ပြန်ပေါ်လာတဲ့ကိစ္စတွေက ဆက်စပ်တယ်တဲ့လား ကျွန်တော်တော့ အဲဒီလိုမထင်ပါဘူး။ ကျွန်တော့်ရဲ့အမြင် အရဆိုရင် တရုတ်ရဲ့ဗဟိုက ချမှတ်တဲ့ မူဝါဒက မြန်မာ နိုင်ငံမြောက်ပိုင်းမှာရှိတဲ့ ကေအိုင်အေတို့ ကိုးကန့်တို့လို အဖွဲ့တွေထက်စာရင် မြန်မာအစိုးရနဲ့ ဆက်ဆံရေးကောင်း မွန်ဖို့ ပိုအလေးထားလိမ့်မယ်လို့ထင်ပါတယ်။
နှစ်နိုင်ငံ အကျိုးစီးပွားကလည်း ပြည်သူတွေရဲ့ ဆက်ဆံရေးအပေါ် မူတည်ပြီးတော့ သွားနေတာပါ။ တရုတ်ရော ယူနန်ပြည် နယ်အတွက်ပါ မြန်မာနယ်စပ်ဒေသ တည်ငြိမ်ရေးက အရေးကြီးပါတယ်။ နယ်စပ်မှာ မငြိမ်သက်မှုတွေရှိရင် လက်နက်ကိုင်ပဋိပက္ခတွေ ရှိပါတယ်။ တရုတ်နိုင်ငံအ တွက်လည်း ထိခိုက်မှုတွေရှိပါတယ်။ ကျွန်တော်တို့ဘက် က ထောက်ပံ့မှုတွေ၊ အားပေးမှုတွေ လုပ်မှာမဟုတ်ပါဘူး။
မေး - ပြီးခဲ့တဲ့သုံးလေးရက်လောက်ကပဲ တပ်မတော်ကာကွယ် ရေးဦးစီးချုပ်က တရုတ်နိုင်ငံရဲ့ အထူးကိုယ်စားလှယ်ဖြစ် တဲ့ မစ္စတာဝမ်ယင်ဖန်နဲ့တွေ့တုန်း ပြောခဲ့တာရှိတယ်။ တရုတ်နိုင်ငံအနေနဲ့ ဆက်ဆံရေးကို အထူးအလေးထား ဆောင်ရွက်နေတယ်ဆိုပေမယ့်လည်း နယ်စပ်ပြဿနာတွေ ကိုကြည့်ရင် တရုတ်အနေနဲ့ အောက်ခြေမှာ မူဝါဒတွေ၊ ဥပဒေတွေကို ကျော်လွန်ပြီး လုပ်ပိုင်ခွင့်တွေရနေတယ်ဆို ပြီး ပြောခဲ့တာတွေရှိတယ်။ သူဆိုလိုတာက မြန်မာနိုင်ငံ ထဲဝင်ပြီး သစ်ထုတ်တာတို့ တရားမဝင်နယ်စပ်ဖြတ်ကျော် ပြီး သတ္တုတွေတူးနေတဲ့ကိစ္စတွေအပါအဝင် တခြားနယ် စပ်ဖြတ်ကျော် တရားမဝင်ကုန်သွယ်ကိစ္စတွေကို ဆိုလို တာဖြစ်နိုင်ပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ တစ်လောက ပဲ တရုတ်နိုင်ငံသားတွေကို သစ်ကိစ္စနဲ ပတ်သက်ပြီး ဖမ်း ဆီးမှုတွေ လုပ်ခဲ့တယ်မဟုတ်လား။ တစ်ဖက်က ကြည့် လိုက်မယ်ဆိုရင် တရုတ်နိုင်ငံနဲ့မြန်မာအကြား နယ်နိမိတ် ထိစပ်နေတာက လူကြီးမင်းတို့ရဲ့ ယူနန်ပြည်နယ်ဖြစ်နေ တယ်။ နယ်စပ်ပြဿနာတွေနဲ့ပတ်သက်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်လိုအဆင့်တွေကအထိ ထုတ်ပြော လာရပြီဆိုတော့ ဒီလိုပြဿနာတွေကို ပြေလည်သွားအောင် ဘယ်လိုဆောင်ရွက်ဖို့ လိုအပ်ပါသလဲ။
ဖြေ - ကျွန်တော်က ယူနန်ပြည်နယ် သုတေသန ပညာရှင်အနေနဲ့ ဒီလိုကိစ္စတွေနဲ့ ပတ်သက်လို့ပြောပါရ စေ။ ယူနန်နယ်စပ်တစ်လျှောက်ကိုကြည့်မယ်ဆိုရင် မြန် မာဘက်က ကချင်နဲ့ ရှမ်းပြည်နယ်တွေနဲ့ နယ်နိမိတ်ထိ စပ်နေတယ်။
တရားမဝင်ကုန်သွယ်မှုတွေကလည်း ရှိချင် ရှိမှာပါပဲ။
နယ်စပ်ဖြတ်ကျော်မှုတွေရောပေါ့။ ဒီလိုကိစ္စ တွေ ပြေပြေလည်လည် ဖြေရှင်းဆောင်ရွက်ဖို့ဆိုရင် နှစ် ဖက်ပြည်နယ်အစိုးရတွေအနေနဲ့လည်း ဒီထက်ပိုပြီး ထိ တွေ့ဆက်ဆံမှုတွေလုပ်ဖို့လိုပါတယ်။
ကချင်နဲ့ရှမ်းပြည် နယ်အစိုးရတွေအနေနဲ့ ယူနန်အစိုးရနဲ့ပိုမိုထိတွေ့ဆက် ဆံဖို့ လိုအပ်သလို ဒီပြဿနာတွေက နှစ်ဖက်ပူးပေါင်း ဖြေရှင်းမှရမှာပါ။ တရားဥပဒေစိုးမိုးမှုရှိဖို့လည်း လိုသ လို မျှတဖို့လည်းလိုပါတယ်။ တစ်ကျောင်းတစ်ဂါထာ တစ် ရွာတစ်ပုဒ်ဆန်း ဖြစ်နေလို့မရပါဘူး။ ဒါမှ တစ်လောက ဖြစ်ခဲ့တဲ့ သစ်ခုတ်တဲ့ကိစ္စတွေလို အောက်ခြေပြဿနာ တွေ ဖြေရှင်းနိုင်မှာပါ။
အခုလိုဖြေကြားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။


Yangon Media Group
www.facebook.com/YangonMediaGroup
www.yangonmedia.com

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်