မြန်မာ့တပ်မတော်နှင့် ဖုန်ကြားရှင်ဦးဆောင်သော ကိုးကန့်တိမ်းရှောင်အဖွဲ့
တိုက်ပွဲဖြစ်ပွားနေစဉ်အတွင်း အစိုးရဘက်မှ ထုတ်ပြန်သော ထုတ်ပြန်ချက်ကြောင့်
အားလုံးအံ့အားသင့်ခဲ့ရသည်။
စတင်တိုက်ပွဲဖြစ်ပွားသော ဖေဖော်ဝါရီ ၉ ရက်မှ ၁၁ ရက်ထိ တိုက်ပွဲပေါင်း ၁၃ ကြိမ်ဖြစ်ပွားခဲ့ပြီး
တပ်မတော်မှ အရာရှိ ၅ ဦး၊ စစ်သည် ၄၂ ဦး စုစုပေါင်း ၄၇ ဦး ကျဆုံးခဲ့ပြီး အရာရှိ ၁၁ ဦး၊ စစ်သည် ၆၂ ဦး စုစုပေါင်း ၇၃ ဦး ဒဏ်ရာရရှိခဲ့သည်။ ထို့အပြင် မော်တော်ယာဉ် ၅ စီး ပျက်စီးဆုံးရှုံးခဲ့သည်ဟု အစိုးရက သတင်းထုတ်ပြန်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်တွင် ကိုးကန့်တိမ်းရှောင်အဖွဲ့ထံမှ လက်နက်အချို့ သိမ်းဆည်းရမိခဲ့ပြီး ကျဆုံး၊ ထိခိုက်ဒဏ်ရာရမှု အချို့ရှိခဲ့ကြောင်းသာ ဖော်ပြပါရှိသည်။
ထိုအခြေအနေကိုကြည့်ခြင်းအားဖြင့် မြန်မာ့တပ်မတော်ဘက်မှ သတင်းရရှိမှု အားနည်းခြင်း၊ တစ်ဖက်အဖွဲ့ကို လျှော့တွက်ခြင်းနှင့် စစ်ရေးအတွေ့အကြုံပိုင်း အားနည်းခြင်းတို့ကြောင့် အလစ်အငိုက်ခံလိုက်ရပြီး အကျအဆုံးများခဲ့ရခြင်းဖြစ်ကြောင်း တပ်မတော်အရာရှိဟောင်းအချို့နှင့် စစ်ရေးလေ့လာသူများက သုံးသပ်ကြသည်။
‘‘သတင်းရယူမှုအားနည်းတာကတော့ ပြောကိုမနေတော့နဲ့ ရှက်ဖို့ကိုကောင်းတယ်’’ဟု တပ်မတော်အရာရှိဟောင်းတစ်ဦးကဆိုသည်။
ထိုကဲ့သို့ သတင်းရယူမှုအပိုင်း အားနည်းရခြင်းမှာ ဒေသခံပြည်သူများကို သက်ဆိုင်ရာဒေသအာဏာပိုင်များနှင့် တပ်မတော်တို့မှ မစည်းရုံးနိုင်ခြင်းနှင့် ဒေသခံများက ပူးပေါင်းမဆောင်ရွက်နိုင်ခြင်းတို့ကြောင့် ဖြစ်သည်ဟုလည်း လေ့လာသူများက သုံးသပ်ကြသည်။
ကိုးကန့်တိမ်းရှောင်အဖွဲ့ခေါင်းဆောင် ဖုန်ကြားရှင်အနေဖြင့် မြန်မာအစိုးရကို ပြန်လည်တိုက်ခိုက်မည်ဟု ၂၀၁၄ ဒီဇင်ဘာ ၃၀ ရက်ထုတ် The Global Times သတင်းစာတွင် ပြောကြားခဲ့သည်။ ထိုသတင်းကိုလည်း ပြည်တွင်းထုတ်သတင်းစာ၊ ဂျာနယ်များတွင် ပြန်လည်ရေးသားဖော်ပြခဲ့ကြသည်။
လောက်ကိုင်မြို့တွင် လုံခြုံရေးတာဝန်ထမ်းဆောင်နေသော တပ်မတော်သားအချို့ (ဓာတ်ပုံ - လင်းဘိုဘို/အီးပီအေ)
ထိုကဲ့သို့ပြောဆိုထားပြီး အမှန်တကယ်တိုက်ခိုက်သည့်အချိန်တွင်လည်း မြန်မာ့တပ်မတော်ဘက်မှ အလစ်အငိုက်ခံခဲ့ရပြီး အကျအဆုံးများခဲ့သည်။ ဖုန်ကြားရှင်တပ်ဖွဲ့အနေဖြင့် မြန်မာ့တပ်မတော်၏ လူအင်အား၊ လက်နက်အင်အားနှင့် နေရာအနေအထားတို့ လေ့လာပြီးနောက် စနစ်တကျပြင်ဆင်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ သို့သော်မြန်မာ့တပ်မတော်သားများက ရဲရဲဝံ့ဝံ့ပြန်လည်တိုက်ခိုက်၍သာ လောက်ကိုင်ဌာနချုပ် မကျခဲ့ခြင်းဖြစ်သည်။ သို့သော် သတင်းရရှိမှုအားနည်းခဲ့သဖြင့် အလူးအလဲတော့ ခံခဲ့ရသည်။
တရုတ်နိုင်ငံနှင့် နယ်နိမိတ်ချင်းထိစပ်နေသော နေရာများတွင် မြန်မာ့တပ်မတော်မှ သတင်းရယူမှုအပိုင်းအားနည်းသည့် ဖြစ်စဉ်မှာ ယခုတစ်ကြိမ်တည်းမဟုတ်ပေ။ ကချင်ပြည်နယ်အတွင်း တရုတ်နိုင်ငံသားများ ထောင်နှင့်ချီသော သစ်ခိုးထုတ်မှု။ ရှမ်းပြည်နယ်အရှေ့ပိုင်းမှ လက်နက်များ ကိုင်ဆောင်လာသည့် တရုတ်ရှစ်ဦးကို စစ်ကိုင်းတိုင်း တမူးမြို့နယ်ရောက်မှ ဖမ်းဆီးမိမှုနှင့် လားရှိုးမြို့ခံတစ်ဦးအား တရုတ်နိုင်ငံသားများက ပြန်ပေးဆွဲသတ်ဖြတ်ခံရမှုတို့မှာ သတင်းရရှိမှု အားနည်းရုံသာမက လုံခြုံရေးပါ ကျိုးပေါက်နေကြောင်း ထင်ရှားသော သာဓကများဖြစ်သည်။
ကိုးကန့်တိုင်းရင်းသားများအနေဖြင့် မြန်မာ့တပ်မတော်အား သတင်းပေးခဲ့မှုများ ရှိခဲ့သည်။ ဗကပများနှင့် မြန်မာ့တပ်မတော်တို့ကြား ထင်ရှားသော တိုက်ပွဲတစ်ခုဖြစ်သည့် ကွမ်းလုံ ရက် ၄၀ တိုက်ပွဲမတိုင်မီ ကိုးကန့်ဒေသခံများက မြန်မာ့တပ်မတော်အား သတင်းပေးခဲ့သဖြင့် မြန်မာတပ်က ယင်းတိုက်ပွဲတွင် အောင်နိုင်ခဲ့ခြင်းခဲ့ခြင်းဖြစ်သည်။ ထိုတိုက်ပွဲတွင် ဗကပများဘက်မှ လူအင်အား၊ လက်နက်အင်အား များစွာသာလွန်သော်လည်း ကြိုတင်သတင်းရရှိသဖြင့် ပြင်ဆင်မှုများပြုလုပ်နိုင်ခဲ့သည်။
ထိုအချိန်က ဗကပတပ်များ စစ်ကြောင်းသုံးကြောင်းဖြင့် ချီတက်လာမည့် သတင်းအပြည့်အစုံကို ကိုးကန့်ပြည်သူ့စစ်ခေါင်းဆောင် လော်စစ်ဟန်က မြန်မာ့တပ်မတော်သို့ အချက်အလက်အတိအကျဖြင့် လာရောက်သတင်းပေးခဲ့သည်။
‘‘ဦးလော်စစ်ဟန်ကိုယ်တိုင် လာပြီးတော့ ကျုပ်က ကိုးကန့်လူမျိုး။ ကျုပ်တို့ ဗမာစစ်တပ်ကိုယုံတယ်။ ဗကပတွေ အင်အားအများကြီးပဲ။ စစ်ကြောင်းသုံးကြောင်းနဲ့ ၀င်လာတော့မယ်ဆိုပြီး အချက်အလက်အပြည့်အစုံကို လာပြောတာ’’ဟု ယင်းအချိန်က တာဝန်ထမ်းဆောင်ခဲ့သူ တပ်မတော်အရာရှိကြီးတစ်ဦးက ပြန်ပြောပြသည်။
မြန်မာ့တပ်မတော်ကို တိုက်ခိုက်ရန် ချီတက်လာသော ဗကပတပ်များထဲတွင် ကိုးကန့်တိုင်းရင်းသားများပါဝင်ပြီး ထိုသူများထံမှတစ်ဆင့် ဦးလော်စစ်ဟန် သတင်းရရှိခဲ့ကာ သူယုံကြည်သော မြန်မာတပ်မတော်ကို လာရောက် သတင်းပေးခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ၁၉၉၈ မတိုင်မီ ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ်အတွင်း တာဝန်ထမ်းဆောင်ခဲ့စဉ်က ဒေသခံပြည်သူများက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ လှုပ်ရှားမှုများနှင့် ပတ်သက်၍ လာရောက်သတင်းပေးမှုများရှိခဲ့သည်ဟု တပ်မတော်အရာရှိဟောင်းတစ်ဦးကပြောသည်။
န၀တအစိုးရတက်လာပြီး နောက်ပိုင်း ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့နယ်အတွင်း လက်နက်ကိုင်အဖွဲ့များ ၀င်ရောက်နေခြင်းကို ဒေသခံတစ်ဦးက သတင်းပေးခဲ့ပြီး ဧရာဝတီတိုင်းဒေသကြီး မြောင်းမြမြို့နယ်အတွင်း ၀င်ရောက်လာသည့် သတင်းကိုလည်း ဒေသခံများက မြောင်းမြမြို့ပေါ်ရှိ အုပ်ချုပ်ရေးအဖွဲ့သို့ သွားရောက်သတင်းပေးခဲ့ကြသည်။ ထို့ကြောင့်လည်း ထိုစစ်ဆင်ရေးတွင် မြန်မာ့တပ်မတော်မှာ သတင်းဦးရရှိခဲ့သဖြင့် စစ်ဆင်ရေးအောင်မြင်ခဲ့သည်။
ဗိုလ်ချုပ်အောင်ဆန်းတည်ထောင်ခဲ့သော မြန်မာ့တပ်မတော်မှာ ပြည်သူချစ်သောတပ်မတော်ဖြစ်ခဲ့ပြီး ပြည်သူသာအမိ၊ ပြည်သူသာအဖ ဆောင်ပုဒ်နှင့်အညီ ပြည်သူ့အကျိုးကိုသာ ဦးထိပ်ထားခဲ့သည်။ ထို့ကြောင့်လည်း ပြည်သူချစ်သော တပ်မတော်ဖြစ်ခဲ့သည်။
သို့သော် ဦးသန့် အရေးအခင်းနှင့် ရှစ်လေးလုံးအရေးအခင်းတို့တွင်မူ တပ်မတော်က ကျောင်းသားများနှင့် အပြစ်မဲ့ ပြည်သူများအား ပစ်ခတ်သတ်ဖြတ်ခဲ့ပြီးနောက်ပိုင်း ပြည်သူလူထုနှင့် တပ်မတော် ဆက်ဆံရေးမှာ အေးစက်ခဲ့ရပြီး ပြည်သူလူထုအနေဖြင့် တပ်မတော်အပေါ် စိတ်နာခဲ့ရသည်။
ထို့အပြင် ၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်အချို့သည် ပြည်သူလူထုအပေါ် အနိုင်ကျင့်ခြင်း၊ အတင်းအဓမ္မလုပ်အားပေးခိုင်းစေခြင်း၊ အမျိုးသမီးများအပေါ် အကြမ်းဖက်ခြင်းတို့ကြောင့် ပြည်သူလူထုအနေဖြင့် စစ်အာဏာရှင်များအပေါ် မုန်းတီးခဲ့ကြသည်။ ပြည်တွင်းစစ်ဖြစ်ပွားသော ဒေသများတွင် တပ်မတော်က အများဆုံးကျူးလွန်ခဲ့သည်။
ထို့ကြောင့်လည်း နယ်စပ်ဒေသများရှိ တိုင်းရင်းသားများမှာ တပ်မတော်နှင့် အစိုးရအပေါ် မကျေနပ်မှုများ ပိုမိုကြီးထွားခဲ့ကြသကဲ့သို့ ဖွံ့ဖြိုးမှုကွာခြားခြင်းကြောင့်လည်း တစ်ဖက်နိုင်ငံသို့ မှီခိုမှုပိုများလာခဲ့ကြသည်။
‘‘တိုင်းရင်းသားတွေက မြန်မာစစ်တပ်နဲ့ ပတ်သက်ရင် သူတို့ အမြဲတမ်းဖိနှိပ်ခံနေရတယ်ဆိုတာ ဆွေစဉ်မျိုးဆက်သမိုင်းကြောင်းလို သိလာခဲ့တယ်။ တစ်ခုခုဖြစ်ပြီဆိုရင် မြေလှန်ခံရမယ်ဆိုတာ ဆွေခုနစ်စဉ်မျိုးခုနစ်ဆက် နှိပ်စက်တော့မယ်ဆိုတာ ဘဝပေးအသိနဲ့ သိလာခဲ့တယ်’’ဟု မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်ဥက္ကဋ္ဌဟောင်း ဒေါက်တာနိုင်အောင်ကဆိုသည်။
ထိုကဲ့သို့ မြန်မာ့တပ်မတော်နှင့် မြန်မာအစိုးရ၏ နှိမ့်ချဆက်ဆံမှု၊ နှိပ်စက်မှုများကြောင့် နယ်စပ်ဒေသရှိ တိုင်းရင်းသားများမှာ ဒေသခံခေါင်းဆောင်များနှင့် တစ်ဖက်နိုင်ငံအပေါ် မှီခိုမှုပိုများလာခဲ့ကြသည်။
တရုတ်နိုင်ငံနှင့် မြန်မာနိုင်ငံ နယ်နိမိတ်ချင်း ထိစပ်နေသော နေရာများတွင် နေထိုင်သူအများစုမှာ လူမျိုးစုတူသူများဖြစ်ကြသည်။ ကချင်ပြည်နယ်နှင့် ထိစပ်နေသော တရုတ်နယ်မြေအတွင်း ဂျိန်းဖောလူမျိုးများ နေထိုင်သကဲ့သို့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနှင့် ‘ဝ’ဒေသများမှာလည်း အလားတူဖြစ်သည်။ ထို့အပြင် နယ်နိမိတ်ချင်း ထိစပ်နေခြင်းကြောင့်လည်း ကူးလူးဆက်ဆံမှု ပိုမိုများခဲ့ကြသည်။
‘‘ဝတို့၊ ကိုးကန့်တို့က ပရိုချိုင်းနားတင်မက၊ ချိုင်းနားရဲ့ လူမျိုးနွယ်စုပဲ။ သူတို့မှာ ‘ဝ’ဘာသာစကား၊ ကိုးကန့်ဘာသာစကားလို့မှမရှိပဲ။ တရုတ်ဘာသာပဲ သူတို့ရဲ့စကား၊ သူတို့ရဲ့စာ’’ဟု တပ်မတော်အရာရှိဟောင်းတစ်ဦးကဆိုသည်။
ထို့အပြင် ဒေသခံအများစုမှာ ပညာတတ်နည်းပါးပြီး မြန်မာနိုင်ငံတွင်း ပညာသင်ကြားဖူးသူမှာလည်း နည်းပါးကြသည်။ ထို့ကြောင့်လည်း သက်ဆိုင်ရာ ဒေသခံခေါင်းဆောင်များအနေဖြင့် ဒေသခံများကို စည်းရုံးရလွယ်ကူသည့်အနေအထား ဖြစ်သည်။
နယ်စပ်ဒေသများမှာ မြန်မာပိုင်နက်ထဲတွင် တည်ရှိနေသော်လည်း မြန်မာအစိုးရ၏ သြဇာလွှမ်းမိုးနိုင်ခြင်းမရှိသော ဒေသများဖြစ်သည်။ ထိုဒေသများတွင်ရှိသော တိုင်းရင်းသားလက်ကိုင်အင်အားစုများနှင့် ငြိမ်းချမ်းရေးမဆောင်ရွက်နိုင်ခြင်းကြောင့်လည်း ဒေသဖွံ့ဖြိုးရေး မလုပ်ဆောင်နိုင်ခဲ့ပေ။ ထို့ကြောင့်လည်း တစ်ဖက်နိုင်ငံအပေါ် စီးပွားရေးအရ ပိုမိုမှီခိုကြရသည်။
လက်ရှိ အစိုးရလက်ထက်တွင် တိုင်းရင်းသားဒေသများ၌ တပ်မတော်မှ ပေါ်တာဆွဲခြင်းနှင့် အတင်းအဓမ္မခိုင်းစေခြင်း အပါအဝင် မတရားမှုအချို့ကို လျှော့ချနိုင်ခဲ့သော်လည်း ဒေသခံပြည်သူများအား စည်းရုံးခြင်း မလုပ်နိုင်သေးပေ။
‘‘တပ်ရင်းတွေသာများလာတာ။ လူအင်အားကမရှိတော့ နယ်မြေလူထုကို မစည်းရုံးနိုင်ဘူး’’ဟု တပ်မတော်အရာရှိဟောင်းတစ်ဦးကပြောသည်။
တပ်ရင်းတစ်ရင်းတွင် သတ်မှတ်ချက်အရ အင်အား ၇၈၃ ဦး ရှိရမည်ဖြစ်သော်လည်း လက်ရှိအနေအထားမှာ တပ်ရင်းတစ်ရင်းလျှင် လူ ၂၀၀ ခန့်သာ ရှိကြသည်။ ထို့ကြောင့်လည်း ဒေသစည်းရုံးရေးလုပ်ငန်းများ မလုပ်နိုင်ဘဲ တပ်တွင်းတာဝန်များနှင့်သာ အချိန်ကုန်နေသည်။ ထို့ကြောင့် တပ်မတော်အား ဒေသခံများက ပူးပေါင်းမှုမရရှိသဖြင့် သတင်းရယူမှုအပိုင်းတွင် အားနည်းနေခဲ့သည်။
ငြိမ်းချမ်းရေးမှာ မအောင်မြင်သေးသဖြင့် တိုင်းရင်းသားဒေသများတွင် ဖွံ့ဖြိုးရေးမလုပ်ဆောင်နိုင်သေးပေ။ ဒေသခံများမှာ အစိုးရအဖွဲ့အပေါ် ပူးပေါင်းမှုအားနည်းလျက်ရှိသည်။ ထို့ကြောင့် အုပ်ချုပ်ရေးအဖွဲ့အနေဖြင့် သတင်းရရှိမှုပိုင်းတွင် အားနည်းသည်။
‘‘တိုင်းရင်းသားဒေသတွေရဲ့ ဖွံ့ဖြိုးရေးကို လုပ်ပေးဖို့လိုတယ်။ သူတို့ရဲ့ဦးဆောင်မှုကို လက်ခံပြီး တွဲလုပ်ပေးဖို့လိုတယ်။ အဲဒါမှပဲ ဒေသခံတွေကို စည်းရုံးနိုင်မှာ’’ဟု စစ်ရေးနိုင်ငံရေးလေ့လာသူ ကိုဝင်းမင်းကဆိုသည်။
တိုင်းရင်းသားဒေသများရှိ ဒေသခံများနှင့် မြန်မာ့တပ်မတော်တို့ကြား ဆက်ဆံရေးပြန်လည်ကောင်းမွန်လာစေရန် အမေရိကန်ရေတပ်မှ တပ်မတော်အရာရှိကြီးတစ်ဦးက နိုင်ငံတော်ကာကွယ်ရေးတပ်မတော်တွင် ပြောကြားသော မိန့်ခွန်းတွင် ယခုလို ဥပမာပေးပြောကြားခဲ့သည်။
‘‘ကျွန်တော်တို့ အီရတ်မှာ စစ်စတင်တိုက်တုန်းက အရပ်သားတွေကို ညှဉ်းပန်းနှိပ်စက်တဲ့ ပြဿနာတွေရှိခဲ့ပါတယ်။ ဒါက ကျွန်တော်တို့ကိုလည်း ထိခိုက်ပါတယ်။ ကျွန်တော်တို့ တိုက်ခိုက်နေတဲ့ ရန်သူတွေအတွက် တပ်သားစုဆောင်းဖို့ အခြေအနေကောင်းသွားပါတယ်။ ရန်သူက ဝါဒဖြန့်ဖို့ အခွင့်အရေးရသွားပြီး အမေရိကန်စစ်တပ်ရဲ့ နိုင်ငံတကာမှရှိတဲ့ပုံရိပ်ကို ထိခိုက်စေပါတယ်’’ဟုဆိုသည်။

0 မှတ်ချက်ပြုသည်။:
Post a Comment
အောင်ရဲရင့်