မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Monday 25 March 2013

ရန်ကုန်တိုင်းဒေသကြီးအတွင်း

ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေး အင်အား နှစ်ဆတိုးချထား၊ ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များကို စဉ်းစားချင့်ချိန်မှုဖြင့် ထိန်းသိမ်းသင့်ပြီး အုပ်စုလိုက် စုဖွဲ့မှုများ မဖြစ်စေရန် လိုအပ်ကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ တိုက်တွန်း

3.25.2
ယုဇနပလာဇာအနီး လုံခြုံရေးယူထားသော ရဲဝန်ထမ်းများကို မတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက တွေ့ရစဉ်
ရန်ကုန်တိုင်းဒေသကြီးအတွင်း ပဋိပက္ခ ဖြစ်ပွားနိုင်သည်ဟု သတင်း ထွက်ပေါ်နေသော နေရာများကို လုံခြုံရေး အင်အား နှစ်ဆ တိုးချထားကြောင်းနှင့် ပြည်သူများအနေဖြင့် စိုးရိမ်စိတ်များကို စဉ်းစား ချင့်ချိန်မှုဖြင့် ထိန်းသိမ်းသင့်ပြီး အုပ်စုလိုက် စုဖွဲ့မှုများ မဖြစ်စေရန် လိုအပ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး မြင့်အေးက မတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် Eleven Media Group သို့ ပြောကြားခဲ့ပါသည်။
"သတင်းထွက်ပေါ်တဲ့ နေရာတွေကို လုံခြုံရေး အင်အားကို နှစ်ဆချထားတယ်။ ကြောက်လန့်မှုတွေ၊ စိုးရိမ်မှုတွေကို စဉ်းစားချင့်ချိန်မှုတွေနဲ့ ထိန်းသိမ်း သင့်ပါတယ်။ လက်ရှိ အချိန်အထိ ရန်ကုန်တိုင်း ဒေသကြီး အတွင်းမှာ လုံခြုံရေး အင်အား ပိုချထားပါတယ်"ဟု ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး မြင့်အေးက ပြောသည်။
ထို့အပြင် ထွက်ပေါ်နေသော ကောလာဟလများကြောင့်
စိုးရိမ်စိတ်ဝင်ပြီး တစ်ဦးစ၊ နှစ်ဦးစဖြင့် မိမိလုံခြုံရေး မိမိယူရင်း အုပ်စုလိုက် စုဖွဲ့မှုများ မဖြစ်ပေါ်စေရန် လိုအပ်ကြောင်းလည်း ရဲမှူးမြင့်အေးက အကြံပြုပြောကြားခဲ့သည်။
ယမန်နေ့ညကလည်း မင်္ဂလာတောင်ညွှန့်မြို့နယ် အတွင်းရှိ ကလပ်တစ်ခုတွင် လူငယ်များ ရန်ပွဲငယ်တစ်ခု ဖြစ်ရာမှ တစ်ဆင့် ထိုဖြစ်ရပ်ကို ပုံကြီးချဲ့ပြီး လှုံ့ဆော်မှုများ ရှိခဲ့ခြင်းကြောင့် ပဋိပက္ခ ဖြစ်ပွားသည်ဆိုသော သတင်းများ ထွက်ပေါ်ခဲ့ကြောင်း ရဲမှူးမြင့်အေးက ပြောပါသည်။
ရန်ကုန်တိုင်း ဒေသကြီးအတွင်း သတင်းထွက်ပေါ်ရာ နေရာများအနက် မင်္ဂလာ တောင်ညွန့် မြို့နယ်အတွင်း ပဋိပက္ခ ဖြစ်ပွားခြင်းမျိုး မရှိသေးဘဲ တည်ငြိမ်မှု ရှိစေရန်အတွက် တာဝန်ကျ ရဲဝန်ထမ်းများ အပါအ၀င် အရပ်ဝတ် ရဲဝန် ထမ်းများပါ စောင့်ကြည့်နေကြောင်း မင်္ဂလာတောင်ညွန့် မြို့နယ် ရဲစခန်းမှ တာဝန်ကျ အရာရှိတစ်ဦးက မတ်လ ၂၅ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂၀ မိနစ် အချိန်တွင် Eleven Media Group သို့ ပြောကြားခဲ့ပါသည်။
"ကျွန်တော်တို့လည်း လုံခြုံရေး အင်အားကို လိုတာထက် ပိုမို အသုံးပြုပြီး အရပ်ဝတ်တွေနဲ့ရော၊ ယူနီဖောင်း ၀တ်တွေနဲ့ပါ စောင့်ကြည့်နေပါတယ်။ ထူးခြားမှု တစ်စုံတစ်ရာ မရှိသေးပါဘူး။ ခက်တာက လူတွေက တစ်ခုခု ဖြစ်မလားဆိုတဲ့ စိုးရိမ်စိတ်တွေနဲ့ အုပ်စုလိုက် အုပ်စုလိုက် ဖြစ်နေကြတာပါ။ ကျွန်တော်တို့လည်း အဲတာကို စိုးရိမ်နေပါတယ်။ ကျွန်တော်တို့ အနေနဲ့ လိုတာထက်ပိုပြီး သတိထား စောင့်ကြည့်နေပါတယ်။ မင်္သကာဖွယ်ရာ တစ်ခုခုတွေ့ပြီ ဆိုရင် ပြည်သူတွေအနေနဲ့ ကျွန်တော်တို့ဆီ ဖုန်းဆက် အကြောင်းကြားပြီး ပူးပေါင်း ပါဝင်နိုင်ပါတယ်။ ဒီလို ပူးပေါင်း ပါဝင်ရင်တော့ အကောင်းဆုံးပါပဲ”ဟု မင်္ဂလာတောင် ညွှန့်မြို့နယ် ရဲစခန်းမှ တာဝန်ကျ အရာရှိတစ်ဦးက ပြောပါသည်။
3.25.2
ယုဇနပလာဇာနှင့် မင်္ဂလာဈေးအနီး ဗညားဒလ လမ်းပေါ်ရှိ ဈေးဆိုင်များ အချိန်စောပိတ်သိမ်းခဲ့သည်ကို မတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းက တွေ့ရစဉ်
မင်္ဂလာ တောင်ညွှန့်မြို့နယ်အတွင်း မင်္ဂလာဈေးနှင့် ယုဇနပလာဇာ တစ်ဝိုက်ရှိ ဆိုင်အများအပြားကို ယနေ့ မွန်းလွဲပိုင်းတွင် ဆိုင်ရှင်များက ပိတ်သိမ်းခြင်း ရှိနေပြီး ထွက်ပေါ် နေသော ကောလာဟလများကြောင့် စိုးရိမ်စိတ်ဖြင့် ဆိုင်များကို ပိတ်သိမ်းနေခြင်း ဖြစ်ကြောင်း၊ ကောလာဟလများကြောင့် လူအများ အကြား စိုးရိမ်စိတ် ၀င်နေခြင်းမှ လွဲ၍ အခြားသော ပဋိပက္ခများ ဖြစ်ပွားခြင်းများ မရှိကြောင်း မင်္ဂလာတောင်ညွှန့် မြို့နယ်အတွင်း ရောက်ရှိနေသော Eleven Media Group သတင်းထောက်က ပြောပါသည်။
ထို့အပြင် မိတ္ထီလာတွင် ဖြစ်ပွားခဲ့သော ပဋိပက္ခကို အကြောင်းပြု၍ ရန်ကုန်တိုင်း ဒေသကြီးအတွင်း မငြိမ်မသက်ဖြစ်စေနိုင်သည့် ကောလဟာလများ၊ Phone Message, Facebook Status စသည့် သတင်းဖြန်ဖြူးမှုများ ပြန့်နှံ့လျက်ရှိပြီး ပြည်သူများအကြား ကျီလန့်စာစား အခြေအနေတစ်ရပ်ကို ရောက်ရှိလာရန် ဦးတည်လျက် ရှိနေကြောင်း၊ မိဘပြည်သူများအကြားတွင်လည်း သံသယများ ဖြစ်ပေါ်စေကာ လုံခြုံအေးချမ်းမှုအပေါ် စိုးရိမ်ကြောင့်ကြမှုများ ဖြစ်လာစေသည့် အခြေအနေတွင် ကောလဟာလအမျိုးမျိုးကြောင့် အထင်အမြင်လွဲမှားကာ ပဋိပက္ခများ ဖြစ်ပွားလာနိုင်သည့် စိုးရိမ်ဖွယ်ရာ အခြေအနေများ ဖြစ်ပေါ်နိုင်ကြောင်း၊ လတ်တလောတွင် အမျိုးမျိုး ဖြစ်ပေါ်နေသော ကောလဟာလများကို အလွယ်တကူ မယုံကြည်သင့်ဘဲ သက်ဆိုင်ရာတာဝန်ရှိသူများထံ စုံစမ်းမေးမြန်းပြီးမှ သတင်းအမှန်များ အတည်ပြုကြရန် လိုအပ်မည် ဖြစ်ကြောင်း နိုင်ငံတော် သမ္မတရုံး ညွှန်ကြားရေးမှူး ဦးဇော်ဌေးက ၎င်း၏ Facebook စာမျက်နှာတွင် မတ်လ ၂၅ ရက်နေ့ မွန်းလွဲပိုင်းတွင် ရေးသားခဲ့သည်။
ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ အနေဖြင့်လည်း သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့မှူးများအား မြို့နယ်အတွင်း တည်ငြိမ်အေးချမ်းရေးကို အလေးထား ဆောင်ရွက်စေလျက်ရှိသလို တစ်ချိန်တည်းမှာပင် မြို့နယ်၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရပ်မိ၊ ရပ်ဖများ၊ ရပ်ကွက်နေ မိဘပြည်သူများ၊ လူငယ်များ လူမျိုး/ဘာသာမရွေး ပူးပေါင်းကာ မိမိရပ်ကွက် လုံခြုံရေး၊ တည်ငြိမ်အေးချမ်းရေးကို ဆောင်ရွက်နိုင်စေရေး ညှိနှိုင်းဆောင်ရွက်သွားရန် စီစဉ်လျက်ရှိကြောင်း ဦးဇော်ဌေးက ရေးသားထားပါသည်။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်