မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Sunday 21 April 2013

တပ်မတော်သား နှစ်ဆယ့်ငါးသည် ပြည်သူ့အင်အား ဖြစ်ပါစေ…

==================================
၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း(၁)၊ ပုဒ်မ ၂၀ တွင် ဖော်ပြထားသည် အခြေခံမူများ၌ အနက် ဒို့တာဝန် အရေး(၃)ပါးနှင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ကာကွယ်ရန် တပ်မတော်တွင် အဓိက တာဝန်ရှိသည်ဟု သတ်မှတ် ပြဌန်း ထားသည်။ ထို့ပြင် လွှတ်တော် အသီးသီးတွင်လည်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်မှ အမည် စာ ရင်း တင်သွင်းသည့် တပ်မတော်သား လွှတ်တော် ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း ပါဝင်လျှက် ရှိသည်။ ပုဒ်မ (၆၀) (ခ)တွင်မူ သမ္မတ ရွေးချယ် တင်မြှောက်ရေးအဖွဲ့ကို ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် အစုအဖွဲ့ သုံးဖွဲ့ဖြင့် ရွေးချယ်ရာတွင် တင်သွင်းသော ဒုသမ္မတ အမည်စာရင်း (၃) ဦး အနက် တစ်ဦး အမည်စာရင်းမှာ တပ်မတော်သား ကိုယ်စားလှယ် များမှ တင်သွင်းနိုင်ပြီး ထိုသူမှာလည်း သမ္မတ ဖြစ်နိုင်သဖြင့် ၂၅ ရာခိုင်နှုန်း သည် အရေးပါ အရာရောက်သည့် အနေ အထား ဖြစ်သည်။

သူတို့သည် မြန်မာနိုင်ငံတွင် လွတ်လပ်ရေး မရခင် ၁၉၄၇ က တစ်ကြိမ်၊ ၁၉၇၄ က တစ်ကြိမ် ရေးဆွဲခဲ့သော် လည်း အောင်မြင်မှု မရခဲ့သည့် အခြေခံဥပဒေ အားနည်းချက်များကို ပြင်ဆင်ခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လွှတ်တော် အသီးသီးတွင် ပါဝင်လျှက်ရှိသည်။ သူတို့သည် နိုင်ငံတော်ကို ကာကွယ်စောင့် ရှောက်ရမည့် ၊ အခြေခံဥပဒေကို ကာကွယ်ရမည့် ကျမ်းသစ္စာကို စစ်သားဘ၀တွင် တစ်ကြိမ်၊ လွှတ်တော် ကိုယ်စားလှယ် ဘ၀တွင် တစ်ကြိမ် နှစ်ကြိမ်ထပ်၍ သစ္စာ ဆိုထားသူများ ဖြစ်ကြသည်။

သူတို့သည် စစ်သားများ ဖြစ်သည်။ သို့သော် သူတို့သည် စစ်သားများ ထဲတွင်မှ စနစ်တကျ ရွေးထုတ်ထား သည့် စစ်သားများ ဖြစ်သည်။ လွန်ခဲ့သည့် နှစ်က သင်္ဃန်းကျွန်းတွင် လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းညွန့်မှ ၈၈ များနှင့် တွေ့ဆုံရာတွင် သူတို့နှင့် ပတ်သက်၍ “ သူတို့က ဘာမှ မပြောဘဲ နှုတ်ဆိတ်နေပေမယ့် သူတို့ဟာ ဘာမှ မသိသူတွေ မဟုတ်ဘူး။ သေချာစွာ စနစ်တကျ လေ့ကျင့်သင်ကြားထားသူတွေပဲ” ဟု အဓိပါယ်ရသည့် စကားမျိုး ပြောပြခဲ့ဖူးသည်။

သူတို့သည် အပင်ပန်း အကြမ်းတမ်းဆုံး ဆိုသည့် စစ်သားဘ၀ကို ဖြတ်သန်း ဖူးကြသည်။ သူတို့သည် မြန်မာ နိုင်ငံ နယ်စပ်၏ အစွန်ဆုံးနေရာမျိုးသို့ အကြိမ်ကြိမ် ရောက်ဖူးကြသည်။ သူတို့သည် တပ်စု၊တပ်ခွဲ၊ တပ်ရင်း၊ တပ်မ၊တိုင်း အဆင့်ဆင့်ကို ကွပ်ကဲအုပ်ချုပ် ဖူးကြသည်။ သက်ဆိုင်ရာ အဆင့်အလိုက် ပြည်သူများနှင့် လက် တွေ့ ဆက်ဆံဖူးကြသည်။ သူတို့သည် တိုင်းပြည်ကို ချစ်ကြသည်။

သူတို့အားလုံးသည် ပြည်တွင်း ပြည်ပ သင်တန်း အမျိုးမျိုးကို တက်ရောက်ဖူးကြသည်။ ကောင်းကျိုး၊ဆိုးကျိုး (၂) မျိုးလုံးကို တွက်ဆဖော်ထုတ်ပြီးမှ အဖြေထွက်သည့် စစ်ရေးသုံးသပ်ချက်ကဲ့သို့ သုံးသပ်ချက်များ၊ တင်ပြ ချက်များကို ငယ်စဉ်ကတည်းက အကျွမ်းတ၀င် ရှိသူများ ဖြစ်ကြသည်။ သက်ဆိုင်ရာ အဆင့်အလိုက် စာတမ်း  အသီးသီးပြုစုပြီး တင်ပြဖူးကြသည်။ သူတို့တွင် မိမိ၏ အကောင်းဆုံးဟု ထင်သည့် အမြင်ကို တင်ပြတတ်သည့် အတွေ့အကြုံများ ပိုင်ဆိုင်ကြသည်။

တပ်မတော် အင်အား (၄)သိန်းထဲမှ အထူးရွေးချယ်ထားသူများ ဖြစ်ကြသည်။ သူတို့ထဲတွင် စစ်တက္ကသိုလ်၊ အရပ်ဘက် တက္ကသိုလ် အသီးသီးမှ ဘွဲ့ရထားသူများ၊ မာစတာ ဘွဲ့ရထားသူများ၊ ဒေါက်တာဘွဲ့ ရထားသူများ ပါဝင်သည်။ ကွန်ပျူတာ ဘွဲ့ရပေါင်းများစွာထဲမှ ရွေးထုတ်ထားသည့် ကွန်ပျူတာ ပညာရှင်များ ပါဝင်သည်။ ဥပဒေ ဘွဲ့ရ များစွာထဲမှ ရွေးထုတ်ထားသည့် ဥပဒေ ပညာရှင်များ ပါဝင်သည်။ သူတို့သည် ဘာသာရပ် နယ်ပယ် အသီးသီးမှ ရွေးချယ်ထားသည့် တပ်မတော်၏ အင် အား၊ ပြည်သူ၏ အင်အားများသာ ဖြစ်လေ သည်။

သူတို့သည် ကိုယ်ကျိုးတစ်ခုအတွက် အခြေခံဥပဒေကို ဖျက်ဆီးမည့် အဆိုတင်သွင်းမှုများအား လိုအပ်ပါက ကန့်ကွက်ရန် အသင့်ရှိနေကြသည်။ ပြည်ထောင်စုကြီး ပြိုကွဲမည့် အရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်မှု ပြိုကွဲမည့်အရေး၊ အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲမှု ပျက်စီးမည့်  အရေးများအတွက် ကာကွယ်ရန် မားမား မတ်မတ် ရပ်တည်နေကြသည်။ တိုင်းပြည် အတွက်ဆိုလျှင် သူတို့သည် လွှတ်တော်ထဲတွင် မတ်တပ်ရပ် ကန့် ကွက်ရန် ၀န်မလေးသလို အသက်စွန့် ပေးဆပ်ရန်လည်း ၀န်မလေးကြ။

သူတို့ထဲတွင် နိုင်ငံရေး အတွေ့အကြုံ၊ ဗဟုသုတ များစွာရှိသူများ ပါဝင်သည်။ သူတို့သည် စုစည်းမှု၊ စည်းစနစ် ကျမှု ရှိသည်။ အသေးအဖွဲ ဟူ၍ မရှိ၊ အလေးအနက်ထား ဆောင်ရွက် တတ်ကြသည်။ သူတို့သည် အဆို အသီးသီးအတွက် စုပေါင်း ဆွေးနွေးသုံးသပ်မှုများ အမြဲ ရှိကြသည်။ သူတို့တွင် လွတ်လပ်စွာ သဘောထား ပေးပိုင်ခွင့်များ ရှိသည်။ မဲခွဲ ဆုံးဖြတ်ရသည့် ကိစ္စ အများစု တွင် တပ်မတော်သား ကိုယ်စားလှယ်များ ထောက် ခံ၊ကန့်ကွက် မဲပေးပုံခြင်း မတူညီကြသည်ကို အထင်အရှား တွေ့ရမည် ဖြစ်သည်။ သို့သော် ဒို့တာဝန် အရေး (၃)ပါးကို ထိပါးမည့် အဆိုတွင်တော့ သူတို့ အပြင်းအထန် ကန့် ကွက်ကြမည်သာ ဖြစ်သည်။

သူတို့သည် အင်အားကြီးသူမှ ငွေကြေး၊ ဂုဏ်သိက္ခာ၊ အရှိန်အ၀ါများ အသုံးချပြီး လွှတ်တော် အတွင်း ၀င်ရောက် ကာ တိုင်းပြည်ကို ဖျက်ဆီးမည့် အရေးမှ ကာကွယ်ပေးရန် လွှတ်တော်များ အတွင်း ရှိနေကြသည်။ လွှတ်တော် အတွင်း ရောက်နေသည့် တိုင်းရင်းသား ညီအစ်ကိုများ၊ ပါတီ အသီးသီးမှ ကိုယ်စားလှယ်များနှင့် ရင်းနှီး ချစ်ကြည်စွာ ပူးပေါင်းဆောင်ရွက်ရန် လွှတ်တော်အတွင်း ရှိနေကြသည်။ အစိုးရသစ် သက်တမ်း တစ်ဝက် ကျော် လာချိန်အထိ သူတို့နှင့် အခြား ကိုယ်စားလှယ်များ အကြား သင့်မြတ်လျှက်သာ ရှိနေသည်။

သူတို့ လွှတ်တော် အတွင်း ရှိနေခြင်းသည် အခြေခံဥပဒေအတွက် ဖြစ်သည်။ ဒို့တာဝန် အရေး(၃)ပါး အတွက် ဖြစ်သည်။ ပြည်သူလူထုအတွက် တိုင်းရင်းသားကိုယ်စားလှယ်၊ ပါတီကိုယ်စားလှယ် အသီးသီးနှင့် ပူးပေါင်း ဆောင်ရွက်ရန် ဖြစ်သည်။ ထို့ကြောင့် တပ်မတော်သား နှစ်ဆယ့်ငါးသည် ပြည်သူ့အင်အား သာ ဖြစ်ပေသည်။

( စုစည်း ညီညွှတ်မှု၊ ပေါင်းစည်း အောင်မြင်မှု ဆိုသော စကားလုံးကို ပိုင်ဆိုင်ရန် အတွက် လက် ဆွဲရန် တွန့် ဆုတ် သူများကို လက်ကမ်းရန် ၀န်မလေး ရသကဲ့သို့၊ ကမ်းထားပြီး လက်များကိုလည်း သုံးသပ် ရှာဖွေကာ တုံ့ပြန် နှုတ်ဆက်တတ်ဖို့ လိုပါသည်။)

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်