မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Monday, 1 April 2013

သရုပ်ဆောင် တေးသံရှင် စိုးသူနှင့် The Voice Weekly တွေ့ဆုံခြင်း

သတင်း-The Voice Weekly  ဓာတ်ပုံ-Tun Tun Kyaw 

တစ်ခေတ်တစ်ခါက ရုပ်ရှင်ချစ်သူများနှင့် ဂီတပရိသတ်များ အကြား အောင်မြင်မှုရရှိခဲ့သူ သရုပ်ဆောင်တေးသံရှင် စိုးသူ အနုပညာလောကနှင့် ဆယ့်တစ်နှစ်ကျော် ကင်းဝေး၍ အမေရိကန်ပြည်ထောင်စုတွင် နေထိုင်လျက် ရှိရာက မိခင်ဖြစ်သူ၏ ကျန်းမာရေးကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခိုက် ၄င်း၏အတွေးအမြင်၊ ဘဝဖြတ်သန်းမှု အတွေ့အကြုံများကို The Voice Weekly က တွေ့ဆုံမေးမြန်း ဖြစ်ခဲ့သည်များ အနက် ကောက်နုတ် ဖော်ပြအပ်ပါသည်။

Voice : ဆေးပညာရှင်တစ်ယောက် ဘဝကိုစွန့်လွှတ်ပြီး အနုပညာရှင် တစ်ယောက် ဘဝကို ရွေးချယ်ခဲ့တာက ဘယ်လိုကြောင့်လဲ။

S.T : အဲဒါက ရွေးလိုက်တယ်တော့ မဟုတ်ပါဘူး။ အစ်ကို့ရဲ့ ငယ်ဘဝရည်မှန်း ချက်က သရုပ်ဆောင်တစ်ယောက် ဖြစ်ဖို့ မဟုတ်သလို အဆိုတော်တစ်ယောက် ဖြစ်ဖို့၊ ဆရာဝန်တစ်ယောက်ဖြစ်ဖို့လည်း မဟုတ်ပါဘူး။ ငယ်ငယ်တုန်းကရည်ရွယ် ချက်က သီချင်းဆိုတဲ့ အဆိုတော်နားမှာ ဂစ်တာကို အဓိကတီးခတ်ရတဲ့ Lead ဂစ်တာသမားဖြစ်ချင်တာ။ နောက် ရည်မှန်းချက်တစ်ခုက လူရွှင်တော်ကြီး တွေကို အားကျပြီး အရမ်းရယ်ရတဲ့ ပြက်လုံး ကောင်းကောင်းတွေ ထုတ်နိုင်တဲ့ လူရွှင်တော်ဖြစ်ချင်တာပါ။ အဲဒီလိုကနေ မမျှော်လင့်ဘဲ ရုပ်ရှင်ရိုက်ဖြစ်၊ သီချင်းဆိုဖြစ်၊ ဆေးကျောင်း တက်ဖြစ်တယ်။ မိဘတွေရဲ့ဆန္ဒကြောင့် ဆေး ကျောင်း တက်ခဲ့ရပေမယ့် တက်ရင်းနဲ့ ဆေးပညာကိုပိုပြီး စိတ်ဝင်စားလာတယ်။ ရုပ်ရှင်နဲ့ဂီတကလည်း တဖြည်းဖြည်း လုပ်ရင်းနဲ့ ပိုပြီးဝါသနာ ပါလာတယ်။ ဆေးတက္ကသိုလ်က ဘွဲ့ရပြီးတဲ့အခါ အနုပညာသည် ဘဝကို ရွေးချယ်လိုက် တာတော့ မဟုတ်ပါဘူး။ အစကတော့ ဆေးကုရင်း အနုပညာအလုပ်တွေ လုပ်မယ်၊ အနုပညာအလုပ်တွေ လုပ်ရင်း ဆေးကုမယ်လို့ စိတ်ကူး ထားပေမယ့် ဂီတနဲ့ပတ်သက်ပြီး တီးဝိုင်းဖွဲ့ဖြစ်တဲ့အခါ အနုပညာဘက်ကို ပိုပြီးလုပ်ဖြစ်သွား တာပေါ့။ ရွေးချယ်လိုက်တာတော့ မဟုတ်ပါဘူး။ တချို့တာဝန်လေးတွေက အချိန်များများ ပိုပေးဖြစ်တယ် တချို့က အချိန်နည်းနည်းပဲ ပေးဖြစ်တယ်။ တစ်ခါတလေ တစ်လှည့်စီပေါ့။

Voice : အစ်ကို ဒီကနေထွက်သွားတုန်း က အောင်မြင်တုန်း အချိန်လေ။ ဘယ်လို အကြောင်းတွေကြောင့် အနုပညာလောက ကို စွန့်ခွာပြီး အနုပညာနဲ့ အကြာကြီး အဆက်ပြတ်နေခဲ့တာလဲ။

S.T : အနုပညာအလုပ်တွေ လုပ်နေတုန်းမှာပဲ ကိုယ့်ဖေဖေက ဒီလိုပဲ နာမည်ရ အောင်မြင်ထင်ပေါ်တဲ့ အနုပညာရှင် တစ်ယောက်အဖြစ် သီချင်းတွေ ဆို၊ ရုပ်ရှင်တွေရိုက်ရင်း ဘယ်လောက် ကြာကြာ ဆက်နေသွားမလဲ မေးတယ်။ ကိုယ်ကလည်း ဒီအလုပ်တွေက ဝါသနာ ပါလို့ လုပ်နေတာ၊ လုပ်လာတဲ့ သက်တမ်းလည်း ကြာပြီဆိုတော့ ဒီအတိုင်းပဲ ဆက်လုပ်သွားဖို့ ဆန္ဒရှိတယ်လို့ ဖြေခဲ့ တယ်။ ဖေဖေက နောက်မျိုးဆက်သစ် တွေရှိလာမယ်ဆို ဘယ်လိုလုပ်မလဲလို့ ထပ်မေးတယ်။ အဲဒီအချိန်မှာ ကိုယ်က မြန်မာ့အသံမှာ Musical ဇာတ်ကားလေး ကို သရုပ်ဆောင်၊ ဒါရိုက်တာလုပ်ဖူး၊ သူငယ်ချင်းတွေနဲ့ မော်ဒယ်လ်အေဂျင်စီ ဖွဲ့ပြီး မော်ဒယ်လ်တွေ အတွက် ဒါရိုက်တာ လုပ်ပေးနေတော့ နောက်ကျရင်လည်း မျိုးဆက်သစ်တွေကို ကူညီမယ်။ ဒါရိုက်တာလုပ်မယ်။ ထုတ်လုပ်သူ လုပ်မယ်၊ သီချင်းလည်း ဆက်ဆိုမယ်ပေါ့။ မိဘတွေက ကောင်းပါတယ်ပေါ့။ ဒါပေမဲ့ အမေရိကမှာ နေတဲ့ အစ်မဆီသွားပြီး တတ်ကျွမ်းနားလည်ထားတဲ့ ဆေးပညာ ကိုဆက်ပြီး လေ့လာစေချင်တယ် ဆိုတော့ ကိုယ်ကလည်း မိဘစကားနားထောင် ပြီးသွားလိုက်တာ။ အဲဒီမတိုင်မီက အမေရိကကို ဖျော်ဖြေရေးအနေနဲ့ သွားဖူးတယ်။ ဒီလောက်မကြာခဲ့ဘူး။ ဒီတစ်ခါ မှာတော့ အချိန်ကာလက ၁၁ နှစ်ကျော် ၁၂ လောက် ကြာသွားခဲ့တာပေါ့။

Voice : ဟိုရောက်တော့ ဆေးပညာနဲ့ ပတ်သက်ပြီး ဘာတွေဆက်လေ့လာဖြစ်လဲ။

S.T : ဆေးပညာနဲ့ ပတ်သက်ပြီး လုပ်ဆောင်ရမယ့်၊ ဆောင်ရွက်ရမယ့် လေ့လာဆည်းပူးစရာတွေ အများကြီး ပါပဲ။ ဘွဲ့လွန်တက်ချင်သလား။ ဆေးကုတဲ့ ဘက်ကို လိုက်ချင်လား။ ဆေးပညာ ထပ်ပြီးတော့ မလေ့လာဘဲနဲ့ တတ်ကျွမ်း နားလည်တဲ့ အပေါ်မှာ ဆေးလောကထဲ ဝင်ပြီးတော့ တာဝန်ထမ်းဆောင်ရင်းနဲ့ တခြား မတူညီတဲ့ အကြောင်းအရာတွေ ပေါ်မှာထပ်ပြီး လေ့လာဆည်းပူးချင် သလား ဆိုပြီး အမျိုးမျိုးရှိတယ်။ အစ်ကိုကတော့ သက်သက် ဒီလမ်းကြောင်းပေါ် ထပ်ပြီးတော့ လမ်းကြောင်းတစ်ခု အတွက် လေ့လာဆည်းပူးရမယ့် ဘာသာရပ်မျိုးကို မသွားဘဲ နိုင်ငံခြားဆရာဝန်တွေ အများစု တာဝန်ထမ်းဆောင်နေတဲ့ ဌာနမှာပဲ ဝင်ပြီး လုပ်ရင်း အဲဒီမှာပဲ အဆင်ပြေအခြေကျပြီး တော်တော်လေးကြာသွားခဲ့တယ်။ အဲဒါ ကတော့ နှလုံးရောဂါဖြစ်တဲ့ လူနာတွေကို သီးသန့်စောင့်ရှောက်ပေးတဲ့ ဌာနပါ။

Voice : အစ်ကိုက ဒီမှာဆို အများသိ တဲ့ Celebrity တစ်ယောက်လေ။ ဟိုမှာ ကျတော့ အများထဲက လူတစ်ယောက် ဖြစ်သွားပြီ။ အဲဒီလိုမျိုး Life က ပြောင်းသွားတဲ့အခါ အစ်ကိုဟိုမှာ ဘယ်လို အခက်အခဲမျိုးတွေ တွေ့ရသေးလဲ။

S.T : ဟိုမှာရောက်တဲ့အခါ အားသာချက်တွေ အားနည်းချက်တွေ အမျိုးမျိုးရှိတာပေါ့။ ပထမဆုံးကတော့ ကိုယ့်တိုင်းပြည် ကိုယ့်နိုင်ငံ မဟုတ်တဲ့အတွက် အစ်မတွေ၊ အဒေါ်တွေ ဘယ်လိုပဲရှိနေနေ ရေမြေရာသီဥတုက အစ မတူဘူး။ နောက်ပြီး သွားရတဲ့အချိန်က အင်မတန်ဝါသနာ ပါပြီး နိစ္စဓူဝ ဆောင်ရွက်နေရတဲ့ အနုပညာကိစ္စတွေကို ရုတ်တရက် ရပ်လိုက်ရသလို ဖြစ်သွားတော့ အဲဒီအချိန်မှာ လူရွယ်တစ်ဦးဖြစ်နေတော့ ယောက်ျားတန်မယ့်နဲ့ မျက်ရည်ကျပြီးတော့ နေ့စဉ်ပါပဲ နှစ်ချီပြီးတော့ ငိုခဲ့ရတယ်။ တတ်နိုင်သလောက်လဲ ရုပ်ရှင်ဗီဒီယိုတွေ၊ တီဗီကအစ မကြည့်ဘဲ နေတယ်။ ကြည့်မိရင်၊ နားထောင်ရင် သတိရမှာစိုးလို့။ အဲဒီလိုနဲ့ ကြိုးစားပြီးနေရတာ သုံးနှစ်လောက်ကြာမှ နည်းနည်းလေး နေသားကျသလို ဖြစ်လာတယ်။ အနုပညာရှင် ဘဝထက်ကို အနုပညာရှင် မဟုတ်တဲ့ ဘဝကို နည်းနည်းလေး လက်ခံလို့ ရလာပါတယ်။

Voice : အစ်ကိုဒီပြန်ရောက်လာတဲ့ အခါ အစ်ကိုထွက်သွားတုန်းကနဲ့ မတူ တဲ့ အပြောင်းအလဲတွေပေါ့ ဥပမာ- နိုင်ငံရေးဖြစ်ဖြစ်၊ စီးပွားရေးဖြစ်ဖြစ် ဘယ်လိုအပြောင်းအလဲမျိုးတွေ တွေ့ရလဲ။

S.T : အပြောင်းအလဲတွေရှိတယ် ဆိုတာတွေလည်း ကြားရတယ်။ ဘာမှန်းတော့မသိဘူးပေါ့။ ဒီပြန် ရောက်လာတော့ ကိုယ်တိုင်မြင်ရတာကတော့ တခြားအပြောင်းအလဲတော့ မသိဘူး။ ကားတွေအများကြီး ဖြစ်လာတယ်။ Traffic တွေကျပ်လာတယ်။ ကားတွေ အများကြီးဖြစ်လာတော့ ဝမ်းသာတယ်လေ။ ကိုယ့်နိုင်ငံမှာ စည်စည်ကားကား ဖြစ်လာတော့ တော်တော်ကိုကြည့်ရတာ စိတ်ထဲမှာ ငါတို့နိုင်ငံတော့ အရမ်းတိုးတက် လာပြီပေါ့။ Traffic တွေတော့ ကျပ်တာပေါ့လေ။ တစ်ခါ တယ်လီဖုန်းစနစ်တွေ ကောင်းမွန်လာတယ်။ လူတိုင်းလိုလို လက်ကိုင်ဖုန်းတွေ ကိုင်နိုင်လာတယ်။ ဒါသိပ်အရေးကြီးကိစ္စ မဟုတ်ပါဘူး။ ဒါပေမဲ့ အဲလိုမြင်ရတာ စိတ်ချမ်းသာ တယ်။ လက်ကိုင်ဖုန်းလေး တစ်လုံးလောက် ကိုင်ရဖို့ ဒီမှာခက်ခဲတဲ့အရာ တစ်ခုလို ဖြစ်နေရတယ်လို့ ကိုယ်တိုင် ကြားခဲ့ရ၊ ထင်ခဲ့ရတဲ့ အချိန်မျိုးမှာ ဒါတွေက သူများနိုင်ငံမှာ ဘာမှခက်ခဲတဲ့ အရာ မဟုတ်ဘဲနဲ့ လူတိုင်းလက်ကိုင်ဖုန်းတွေ ရှိနေတာမျိုးပေါ့။ ကျန်တာကတော့ သိပ်မသိပါဘူး။ အမေ့သောကနဲ့ လာ ခဲ့ရတာ ဆိုတော့လေ။

Voice : ဒီက သင်ကြားမှု နည်းစနစ် နဲ့ ဟိုကသင်ကြားမှုနည်းစနစ် ကွာခြားမှုကို ကျောင်းသားမိဘ တစ်ယောက် အနေနဲ့ သုံးသပ်ပေးပါဦး။

S.T : ဟိုမှာ ကျောင်းတက်လာတဲ့ ကလေးဆိုတော့ သူ့ကိုဟိုမှာ ကျောင်းပြန်တက်ဖို့လည်း ရှိတော့၊ ဟိုကကျောင်း တွေနဲ့ ပိုပြီးတော့ အနီးစပ်ဆုံး တူညီနိုင်မယ့် ကျောင်းမျိုး ရွေးချယ်ပြီး ထားလိုက် ပါတယ်။ Myanmar International School မှာ ထားပါတယ်။ ဒီကကျောင်းက ဟိုကကျောင်းနဲ့ သင်ရိုးညွှန်းတမ်း ချင်းကော၊ ဖွင့်တဲ့အချိန်၊ ပိတ်တဲ့အချိန်၊ သင်တဲ့ ပုံသဏ္ဌာန်ချင်းကော ခပ်ဆင်ဆင် ရှိတော့ အရမ်းကြီး ကွာခြားလှတယ်လို့ မတွေ့ရပါဘူး။ ဝမ်းသာစရာကောင်းတာက ဒီကကျောင်းမှာ သူမြန်မာစာလေ့လာ သင်ကြားခွင့်ရတယ်။ နဂိုက မြန်မာစာ ကိုနားလည်ပေမယ့် ဒီလောက်ကောင်း ကောင်း မသိနိုင်ဘူး။ အခုက မြန်မာစာ ကို ပိုပြီးနားလည်လာတယ်၊ သိလာတယ် ဆိုတော့ သူ့အတွက် ကောင်းတာပေါ့။

Voice : ဒီမှာလည်း လူငယ်တစ်ယောက် ဘဝကို ဖြတ်သန်းခဲ့ဖူးတယ်၊ ဟိုမှာလည်း အချိန်တော်တော်ကြာကြာ နေခဲ့တာဆိုတော့ ဟိုကလူငယ်တွေနဲ့ ဒီကလူငယ်တွေ ဘယ်လိုကွာခြားမှုရှိလဲ။

S.T : ဟိုမှာကတော့ အဓိကအားဖြင့် အပိုင်းနှစ်မျိုးလောက် အကြမ်းတွေ့ရ တယ်။ တချို့လူငယ်တွေက အတန်း ငယ်ငယ်ကျောင်းတက်နေတဲ့ အချိန်မှာပဲ ထွက်ပြီး အလုပ်လုပ်ရင်း ကျောင်းတက် ကြတယ်။ နောက်သူတို့ဆီမှာလည်း ခံယူမှုနဲ့ ကျင့်သုံးတဲ့ စနစ်ကတစ်မျိုး ဆိုတော့၊ ဥပမာ-၁၈ နှစ်ကျော်ရင် မိဘက ဘယ်လိုပဲ ကျွေးနိုင်ကျွေးနိုင် ကိုယ့်ခြေ ထောက်ပေါ် ကိုယ်ရပ်တည်ဖို့အတွက် အလုပ်လုပ်ကြတယ်။ အလုပ်တွေလုပ်ရင်း ကျောင်းတက်တဲ့လူက တက်တယ်ပေါ့။ တချို့လည်း ကျောင်းမတက်တော့ဘဲ စီးပွားရေးနယ်ထဲ ရောက်သွားကြတယ် ပေါ့။ ဒါကတော့ ခေတ်စနစ်လည်း ကွာမှာပေါ့လေ။ နှစ်အပိုင်းအခြားလည်း ကွာမှာပေါ့။ အခုဟာကတော့ ၂၁ ရာစုမှာ ကမ္ဘာကြီးတစ်ခုလုံး ကလည်း ပြောင်းလဲနေတာ ဆိုတော့ မြန်မာနိုင်ငံမှာလည်း ပြောင်းလဲတိုးတက်လာပါတယ်။ ဒီမှာလည်း ကျောင်းတက်ရင်း အလုပ်လုပ် နေကြတဲ့ လူငယ်တွေအများကြီးပါပဲ။ မေမေဆေးရုံတက်နေတဲ့ အခါမှာ ဆေးရုံ က ကျန်းမာရေးဘက်မှာ တာဝန်ထမ်း ဆောင်တဲ့ ဝန်ထမ်းလေးတွေ စာမေးပွဲ လေးတွေ ဖြေနေတာတို့၊ နောက် တခြား အကြောင်းအရာ တစ်ခုခုကို လေ့လာနေ တာတို့၊ ကျန်းမာရေးနဲ့ မဆိုင်တဲ့ တခြား ဝန်ထမ်းလေးတွေ မှာလည်း ကျောင်းတက်ရင်း အလုပ်လုပ်နေကြတာတွေ့ရ တယ်ဆိုတော့ အဲဒီအပိုင်းမှာတော့ ကမ္ဘာနဲ့အညီ ရင်ပေါင်တန်းပြီးတော့ လူငယ်တွေကလည်း ဒီလိုပုံသဏ္ဌာန်မျိုး ဖြစ်လာတာ တွေ့ရပါတယ်။

Voice : အစ်ကို ဒီရောက်တုန်း ကမ်းလှမ်းထားတဲ့ အနုပညာအလုပ်လေးတွေ ပြောပြပေးပါ။ အစ်ကို့ ပရိသတ်တွေ အတွက် အနုပညာအလုပ်တွေ လုပ်ရင်း ဒီမှာ ပြန်အခြေချဖို့ရှိလား။

S.T : အနုပညာအလုပ်တွေ ကမ်းလှမ်းထားတာတော့ အများကြီးပဲ။ အစ်ကိုက ဘာကိုမှ တိတိကျကျ မပြောချင်သေးဘူး။ ရုပ်ရှင်ကားကြီးရိုက်ဖို့ ကမ်းလှမ်းထားတဲ့ လူလည်း ရှိတယ်။ ဗီဒီယိုရိုက်ဖို့ ကမ်းလှမ်းထားတာတွေ လည်းရှိတယ်။ တေးစီးရီးထုတ်ဖို့ ကမ်းလှမ်းထားတဲ့ လူလည်းရှိတယ်။ ကမ်းလှမ်း ထားတာတွေရှိပေမယ့် ကိုယ်ကကောင်း ကောင်းနဲ့ အချိန်ပေးပြီးလုပ်ချင်တာ ဆိုတော့ အများကြီးတော့ မလုပ်ဖြစ် ပေမယ့် ဒီထဲက ကောင်းနိုးရာရာလေး တွေရွေးပြီး လုပ်ပေးဖြစ်မှာပါ။

Voice : အစ်ကို့ရဲ့ မတ်လ ၃၀ ရက် မိုင်ဒါကွင်းမှာလုပ်မယ့် အခမဲ့ တစ်ကိုယ်တော်ရှိုးကို စောင့်မျှော်နေကြတဲ့ ပရိသတ်တွေ အတွက် ဒီပွဲမှာ ဘယ်လိုသီချင်းတွေ ဆိုမယ်၊ ဘယ်လိုတင်ဆက်မယ်ဆိုတာ ပြောပြပေးပါဦး။

S.T : တစ်ကိုယ်တော်အနေနဲ့ တစ်ခါမှ မဖျော်ဖြေခဲ့ဘူး။ ဒီမှာတုန်းက လည်းပြောကြတယ်။ ဒါပေမဲ့အစီအစဉ် ရှိပေမယ့် တစ်ခါမှတော့ မလုပ်ဖြစ်ခဲ့ဘူး။ ဒီတစ်ခါတော့ တစ်ကိုယ်တော် ဖျော်ဖြေပွဲ လုပ်မယ်။ မကြည့်ရတဲ့ ပရိသတ်ကြီးကို လည်း အားပါးတရကြည့်စေချင်တယ်။ လူတိုင်း ပျော်ပျော်ရွှင်ရွှင်နဲ့ ကြည့်လို့ရ အောင်၊ အခကြေးငွေကအစ မပူပင်ရအောင် စီစဉ်ပေးထားပါတယ်။ သီချင်းတွေ မှာလည်း အစ်ကို့သီချင်းတွေထဲက လူတွေ အများစုကြိုက်ခဲ့ကြတဲ့ သီချင်းမျိုးတွေ ဆိုမှာပါ။ အစ်ကိုက တစ်ကိုယ်တော်အခွေ ၁၁ ခွေထွက်ခဲ့တော့ အဲဒီထဲက သူတို့ အကောင်းဆုံး ပျော်ရွှင်ခံစားနိုင်မယ့် သီချင်းမျိုးတွေ ဖြစ်မှာပါ။
သရုပ်ဆောင် တေးသံရှင် စိုးသူနှင့် The Voice Weekly တွေ့ဆုံခြင်း
သတင်း-The Voice Weekly ဓာတ်ပုံ-Tun Tun Kyaw
တစ်ခေတ်တစ်ခါက ရုပ်ရှင်ချစ်သူများနှင့် ဂီတပရိသတ်များ အကြား အောင်မြင်မှုရရှိခဲ့သူ သရုပ်ဆောင်တေးသံရှင် စိုးသူ အနုပညာလောကနှင့် ဆယ့်တစ်နှကျာ် ကင်းဝေး၍ အမရိကန်ပြည်ထောင်စုတွင် နေထိုင်လျက် ရှိရာက မိခင်ဖြစ်သူ၏ ကျန်းမာရေးကြောင့် မြန်မာနိုင်ငံသို့ ပြန်လည်ရောက်ရှိလာခိုက် ၄င်း၏အတွေးအမြင်၊ ဘဝဖြတ်သန်းမှု အတွေ့အကြုံများကို The Voice Weekly က တွေ့ဆုံမေးမြန်း ဖြစ်ခဲ့သည်များ အနက် ကောက်နုတ် ဖော်ပြအပ်ပါသည်။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်