မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Monday 1 April 2013

အမေရိကန်၏ ကိုယ်ပျောက်တိုက်လေယာဉ်များ

အမေရိကန်၏ ကိုယ်ပျောက်တိုက်လေယာဉ်များ တောင်ကိုရီးယားဝေဟင်တွင် ပျံသန်း

ဧပြီ(၂)

 

 အမေရိကန် ပြည်ထောင်စုသည် ၎င်း၏ မဟာဗျူဟာမြောက် ကိုယ်ပျောက် တိုက်လေယာဉ်များ ကို တောင်ကိုရီးယား ဝေဟင် တွင် ဖြန့်ကျက် ပျံသန်းစေခဲ့ကြောင်း သိရှိရသည်။ Lockheed Martin ကုမ္ပဏီက ထုတ်လုပ်သည့် F-22 Raptorများသည် အမေရိကန်၏ အကောင်းဆုံး၊ အလျှို့ဝှက်ဆုံး တိုက်ခိုက်ရေး ယန္တရားများ ဖြစ်ပြီး အမေရိကန် လေတပ်က ၎င်း၏ အနီးစပ်ဆုံး မဟာမိတ် နိုင်ငံ များထံ သို့ပင် တင်ပို့ရောင်းချခွင့် မပြုဘဲ ပိတ်ပင်ထားကာ အမေရိကန် လေတပ်နှင့် ရေတပ်အတွက်သာ အသုံးပြု ထားသည်။

  ထိုလေယာဉ်များသည် တောင်ကိုရီးယား လေပိုင်နက်တွင် တနင်္ဂနွေနေ့က ပျံသန်းခဲ့ခြင်း ဖြစ် သည်။ မြောက်ကိုရီးယားနှင့် ဆက်ဆံရေး တင်းမာသထက် တင်းမာလာချိန်တွင် အမေရိကန်က F-22များကို မိမိတို့၏ အာရှ မဟာမိတ်ထံ စေလွှတ် ခဲ့ခြင်း ဖြစ်သည်။ 
 
ကိုရီးယား ကျွန်းဆွယ်တွင် လက်ရှိ အခြေအနေသည် (၁၉၅၃)ခုနှစ်နောက်ပိုင်း အတင်းမာဆုံး ဖြစ်နေ သလို ကင်မ်ဂျုံအန်း အစိုးရက အမေရိကန်နှင့် တောင်ကိုရီးယားတို့ကို တိုက်ခိုက်ရန် အသင့် ရှိနေကြောင်း ခြိမ်းခြောက်ခဲ့သေးသည်။ ထိုအချိန်တွင် တောင်ကိုရီးယားနှင့် အမေရိကန် တို့ကလည်း နှစ်နိုင်ငံ ပေါင်းစည်းကာ စစ်ရေးလေ့ကျင့်မှုများ ပြုလုပ်နေခဲ့သည်။
 
 အမေရိကန်သည် ဦးစွာ B-52 ဗုံးကြဲလေယာဉ်များကို ကိုရီးယားကျွန်းဆွယ်ပေါ် ဖြတ်၍ ပျံသန်းပြခဲ့ သည်။ ထို့နောက်တစ်ဖန် အမေရိကန် လေတပ်၏ အကြီးမားဆုံး စစ်လက်နက်များဖြစ်သည့် B-2 ဗုံးကြဲလေယာဉ်ကြီးများပါ တောင်ကိုရီးယား လေထုထဲတွင် ပျံသန်းလာခဲ့ပြန်သည်။ ယင်းအခြေ အနေတွင် မြောက်ကိုရီးယားက မိမိတို့ဘက်ကလည်း အမေရိကန်ကို ပစ်လွှတ်ရန် ဒုံးကျည်များ အသင့်ပြင်ထားကြောင်း ခြိမ်းခြောက်ခဲ့သည်။ ယခုနောက်ဆုံးတွင်မူ F-22များ ပါ တောင်ကိုရီးယား လေပိုင်နက်တွင် အင်အားပြလာခြင်း ဖြစ်သည်။ အမေရိကန် စစ်ဌာနချုပ် ပင်တဂွန်နှင့် တောင်ကိုရီးယား အစိုးရကမူ မည်သည့် သီးခြားမှတ်ချက်မျှ မပေးခဲ့ဘဲ စစ်ရေးလေ့ကျင့်မှု အဖြစ် ပူးပေါင်းခြင်းသာ ဖြစ်ကြောင်း ပြောဆိုထားသည်။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်