မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Thursday 4 April 2013

ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်နှင့် နိုင်ငံရေးပါတီများ ဧပြီလ ၈ ရက်တွင် တွေ့ဆုံမည်


ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် နိုင်ငံရေးပါတီများမှ ဥက္ကဋ္ဌ၊ အတွင်းရေးမှူးများနှင့် ဧပြီလ ၈ ရက်တွင် နေပြည်တော်၌ တွေ့ဆုံ၍ အစည်းအဝေး ကျင်းပရန်ရှိကြောင်း နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများက ပြောကြားခဲ့သည်။
ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်သည် ယခင်က မတ်လ နောက်ဆုံးပတ်အတွင်းတွင် တွေ့ဆုံရန် စီစဉ်ထားသော်လည်း မတွေ့ဖြစ်ခဲ့သောကြောင့် ပြန်လည်စီစဉ်ခြင်း ဖြစ်ကြောင်း သိရသည်။
“နိုင်ငံရေးပါတီတွေကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က အကြောင်းကြားထားပေမယ့် ဘာအကြောင်းအရာကို ဆွေးနွေးမယ် ဆိုတာကိုတော့ မဖော်ပြထားပါဘူး။ လတ်တလော ပြောနေကြတဲ့ ကြားဖြတ် ရွေးကောက်ပွဲတွေကိစ္စ ဟုတ်၊ မဟုတ် ဆိုတာကတော့ ဆွေးနွေးပွဲကို ရောက်မှပဲ သိရမှာပါ။ လက်ရှိ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ လစ်လပ် မဲဆန္ဒနယ်ပေါင်း ၂၈ နေရာ ရှိနေတယ်လို့တော့ ပြောတယ်။ ဒါ့အပြင် ဆွေးနွေးပွဲမှာ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး ဖြစ်စဉ်တွေကိုလည်း ဆွေးနွေးဖြစ်ဖို့များတယ်” ဟု ဒီမိုကရက်တစ် ပါတီ(မြန်မာ)ဥက္ကဋ္ဌ ဦးသုဝေက ပြောပါသည်။
အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီဥက္ကဋ္ဌ ဦးခင်မောင်ဆွေက “မတ်လတုန်းက မတွေ့ဖြစ်တာကြောင့် အခုပြန်တွေ့ဖို့ အတွက်ကို စီစဉ်တာပါ။ ဆွေးနွေးဖို့ အတွက်တော့ ဘာအကြောင်းအရာကို ဆွေးနွေးမယ်ဆိုတာ မပါပါဘူး။ ကြားဖြတ်ရွေးကောက် ပွဲအတွက်လား လက်ရှိနိုင်ငံရေး ဖြစ်စဉ်တွေ ဆွေးနွေးမလား ဆိုတာကတော့ မသိသေးဘူး။ သူတို့ဘက်က သဘောထား မေးရင်တော့ ပြောပြရမှာပါ။ နိုင်ငံရေးပါတီ အနေနဲ့ကတော့ အစိုးရပိုင်း အကြောင်းအရာတွေကို သိပ်ပြီးတော့ ၀င်ပါဖို့ မရှိပါဘူး” ဟု ပြောသည်။
လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံး၌ လစ်လပ်မဲဆန္ဒနယ်ပေါင်း ၂၀ ကျော်ရှိနေပြီး အဆိုပါ လစ်လပ်မဲဆန္ဒ နယ်မြေများအတွက် ၂၀၁၃ ခုနှစ်တွင် ကြားဖြတ် ရွေးကောက်ပွဲများ ကျင်းပရန် အစည်းအဝေး ခေါ်ယူခြင်း ဖြစ်နိုင်ကြောင်း၊ လက်ရှိအချိန်တွင်း ဖြစ်ပေါ်နေသည့် မြန်မာ့နိုင်ငံရေး ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးနိုင်ကြောင်း နိုင်ငံရေးပါတီ အသိုင်းအ၀ိုင်းက သုံးသပ်မှုများ ရှိနေသည်။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်