မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Tuesday 21 May 2013

ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်း ဒုတိယအကြိမ်မြောက် အာရှ-ပစိဖိတ် ဒေသဆိုင်ရာ ရေထိပ်သီး အစည်ဝေးတွင် မိန့်ခွန်းပြောကြား

21.5.2013

ထိုင်းနိုင်ငံ ချင်းမိုင်မြို့၌ ရောက်ရှိနေသော ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် မေ ၂၀ ရက် နံနက် ၉ နာရီတွင် ချင်းမိုင်းမြို့ရှိ  International Convention & Exhibition Centre ၌ ဒုတိယ အကြိမ်မြောက် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ရေထိပ်သီးအစည်းအဝေးသို့ တက်ရောက် လာသော နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့ အကြီးအကဲများ၊ ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင်များနှင့်အတူ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်သည်။ 

ယနေ့ ကျင်းပသည့် ရေထိပ်သီးအစည်းအဝေးသို့ ဘရူနိုင်းနိုင်ငံဘုရင်၊ ဂျော်ဂျီယာ နိုင်ငံသမ္မတ၊ ဖီဂျီနိုင်ငံသမ္မတ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံဝန်ကြီးချုပ်၊ ကိုရီးယားသမ္မတနိုင်ငံ ဝန်ကြီးချုပ်၊ ထိုင်းနိုင်ငံဝန်ကြီးချုပ်၊ လာအိုနိုင်ငံဝန်ကြီးချုပ်၊ ဗင်နွာတူနိုင်ငံ ဝန်ကြီးချုပ်၊ အာရှ-ပစိဖိတ်ဒေသတွင်း နိုင်ငံများမှ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ ကုလသမဂ္ဂနှင့် အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများမှ ပုဂ္ဂိုလ်များ၊ အာရှဖွံ့ဖြိုးရေးဘဏ်မှ တာဝန်ရှိ သူများ တက်ရောက်ကြသည်။ 

ရှေးဦးစွာ ဖွင့်ပွဲအခမ်းနားကို စတင်ကျင်းပရာ  ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ် Dr. Plodprasop Suraswadi အဓိက အထူးပြု ဆွေးနွေး ခဲ့သော ကဏ္ဍ (၇)ရပ်နှင့် ပတ်သက် သည့် ဆွေးနွေးပွဲရလဒ်များ အကျဉ်းချုပ်ကို ရှင်းလင်းတင်ပြသည်။ 

ယင်းနောက် ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စ ရင်လပ်ရှင်နာဝပ်က အန္တရာယ်နှင့်တုံ့ပြန်မှု အနာဂတ်အတွက် ရေနှင့်စားနပ်ရိက္ခာ ဖူလုံမှုဆိုင်ရာ ထိုင်းနိုင်ငံ၏ ဆောင်ရွက်မှုနှင့် တာဝန်ယူ မှု ခေါင်းစဉ်ဖြင့် အဖွင့်မိန့်ခွန်း ပြောကြားသည်။ 

ထို့နောက် တက်ရောက်လာကြသော နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲများက မိန့်ခွန်းပြောကြားကြပြီး (၆၇) ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ သဘာပတိ Mr.Vuk Jeremic၊  အာရှ-ပစိဖိတ် ရေဖိုရမ်ဥက္ကဋ္ဌ Mr. Yoshiro Mori၊ အာရှနှင့် ပစိဖိတ်စီးပွားရေးနှင့် လူမှုရေးကော်မရှင် (UN ESCAP) အမှုဆောင် အတွင်းရေးမှူး Dr.Noeleen Heyzer၊ အာရှဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌ Mr. Takehiko Nakao  တို့က မိန့်ခွန်း ပြောကြားကြသည်။ 

ယင်းနောက် အခမ်းအနားကို ခေတ္တရပ်နားသည်။ နံနက် ၁၁ နာရီ ၅၅ မိနစ်တွင် International Convention & Exhibition Centre ရှိ ဧည့်ခန်းမ၌ ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းသည် ဂျော်ဂျီယာနိုင်ငံသမ္မတ H.E. Mr. Mikheil Saakashvili နှင့်တွေ့ဆုံပြီး  နှစ်နိုင်ငံ ဆက်ဆံမှု တိုးမြှင့်ရေးနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ 

ထို့နောက် ဒုတိယသမ္မတသည် အစည်းအဝေး တက်ရောက်လာကြသူများနှင့်အတူ ထိုင်းနိုင်ငံဝန်ကြီးချုပ် မစ္စရင်လပ်ရှင်နာဝပ်က တည်ခင်းဧည့်ခံသည့် နေ့လယ်စာစားပွဲသို့ တက်ရောက်သည်။ 

မွန်းလွဲ (၂) နာရီတွင် ဒုတိယသမ္မတ ဒေါက်တာစိုင်းမောက်ခမ်းအား ထိုင်းနိုင်ငံ ဝန်ကြီးချုပ် မစ္စရင်လတ်ရှင်နာဝပ်က နိုင်ငံခေါင်းဆောင် များ နားနေဆောင်ရှေ့၌ သီးခြား လာရောက်တွေ့ဆုံကာ ရင်းရင်းနှီးနှီး နှုတ်ဆက်သည်။

ထို့နောက် ရေထိပ်သီးအစည်းအဝေးကို ဆက်လက်ကျင်းပရာ ဒုတိယသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းက မိန့်ခွန်းပြောကြားသည်။ 

ဒုတိယသမ္မတက မိန့်ခွန်းပြောကြားရာတွင် ယခုနှစ် ရေထိပ်သီးအစည်းအဝေး၏ ခေါင်းစဉ်ဖြစ်သော “ရေလုံခြုံစိတ်ချရမှုနှင့် ရေနှင့် ပတ်သက်သော သဘာဝဘေး အန္တရာယ်များ၏ စိန်ခေါ်မှုကို ရင်ဆိုင်ဖြေရှင်းနိုင်ရန်အတွက် ခေါင်းဆောင်မှုနှင့် ကတိကဝတ်ပြုမှု” မှာ ကမ္ဘာ့နိုင်ငံ ခေါင်းဆောင်များက ရေလုံခြုံ စိတ်ချရမှုနှင့် ရေနှင့် ပတ်သက်သော သဘာဝဘေး အန္တရာယ်များကို ထိရောက်စွာ ဖြေရှင်း နိုင်ရန် အတွက် ခိုင်မာသော ကတိကဝတ်များကို ပြုလုပ်ကြရန် ဖော်ညွှန်းနေပါကြောင်း။ 

ကမ္ဘာ့လူဦးရေ လျင်မြန်စွာ တိုးပွားလာမှုနှင့်  ရာသီဥတုပြောင်းလဲမှုတို့ကြောင့် ယနေ့ ကမ္ဘာကြီး ရင်ဆိုင်နေရသည့် သယံဇာတ ရှားပါးမှုများအနက် ရေသယံဇာတ ရှားပါးမှုသည် အကြီးမားဆုံးသော စိန်ခေါ်မှုဖြစ်ပါကြောင်း။ 

ရေသယံဇာတ ရှားပါးမှုတစ်ခုတည်းကြောင့် ၂၀ ရာစုနှစ်အတွင်း အချို့နိုင်ငံများအကြား အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ပါကြောင်း၊ ယင်း အငြင်းပွားမှုများသည် ရေသယံဇာတ ပိုင်ဆိုင်မှုများနှင့် ဆက်စပ်ခဲ့ပြီး ရေသယံဇာတမှာ လူမှုစီးပွားဘဝ ဖွံ့ဖြိုးမှုအတွက် အရေးကြီးလှ ပါကြောင်း။ 

မိမိတို့ အာရှ-ပစိဖိတ်ဒေသအတွက် ရေနှင့်ပတ်သက်သော ကိစ္စတစ်ရပ်မှာ သဘာဝဘေး အန္တရာယ်များကြောင့်  ရေလုံခြုံ စိတ်ချရမှု မရှိသော ကိစ္စရပ်ပင် ဖြစ်ပါကြောင်း၊ အာရှပစိဖိတ်ဒေသသည် သဘာဝဘေးအန္တရာယ်များကို ပုံစံမျိုးစုံဖြင့် တွေ့ကြုံခဲ့ရသည့်အတွက် ခါးသီးသောအတွေ့အကြုံများရှိသော ဒေသဖြစ်နေပါကြောင်း။ 

မိမိတို့ မြန်မာနိုင်ငံသည်ပင်လျှင် ပြီးခဲ့သည့် ၁၀ စုနှစ်အတွင်း ဂီရိ၊ မာလာ ဆိုင်ကလုန်း မုန်တိုင်းများနှင့် ရေလွှမ်းမိုးမှုစသည့် သဘာဝဘေးအန္တရာယ်များ တွေ့ကြုံခဲ့ပါကြောင်း၊ အထက်ဖော်ပြပါ သဘာဝဘေးအန္တရာယ်များကို ဖြေရှင်းရာ၌ မြန်မာနိုင်ငံ အစိုးရ သည် သဘာဝဘေး အန္တရာယ်များကြောင့် သေကျေပျက်စီးဆုံးရှုံးမှုများ နည်းနိုင်သမျှ နည်းပါးအောင် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှု ကိစ္စရပ်များကို ဆောင်ရွက်ခဲ့ပါကြောင်း။ 

လွန်ခဲ့သည့် ရက်အနည်းငယ် အတွင်းက ဘင်္ဂလားပင်လယ်အော်အတွင်း ဖြစ်ပေါ်ခဲ့သည့် မဟာစင် ဆိုင်ကလုန်းမုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံ၏ အနောက်ဘက် ကမ်းခြေဒေသကို ဝင်ရောက်ရန် ဖြစ်ပေါ်ခဲ့ပါကြောင်း။ 

အဆိုပါ မဟာစင်မုန်တိုင်းကို ကုလသမဂ္ဂ မဟုတ်သော ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ အပါအဝင် အဆင့်ဆင့်သော အစိုးရ အဖွဲ့အစည်းများက ယခင်အတွေ့အကြုံများအပေါ် အခြေခံ၍ ကြိုတင်ပြင်ဆင်မှုများ  ပြုလုပ်ခဲ့ပြီး ပျက်စီး ဆုံးရှုံးမှုများကို နည်းပါးအောင် စီမံဆောင်ရွက်ခဲ့ပါကြောင်း၊ သို့ရာတွင် ဆိုင်ကလုန်း မုန်တိုင်းသည် လမ်းကြောင်းပြောင်းသွားပြီး မြန်မာနိုင်ငံအတွင်း ဖြတ်သန်း ဝင်ရောက်မှု မရှိခဲ့သဖြင့် အပျက်အစီး၊ အသေအပျောက် မရှိခဲ့ပါကြောင်းဖြင့် ပြောကြားသည်။ 

ဆက်လက်၍ ဒုတိယသမ္မတက ပြောကြားရာတွင် မြန်မာနိုင်ငံတွင် မြစ်ကြီး လေးသွယ်နှင့် မြစ်ငယ်ချောင်းငယ်များစွာ ရှိပါကြောင်း၊ နှစ်စဉ်မိုးရေချိန်လက်မ ၁၀၀ ကျော်ရွာသွန်းပြီး  နှစ်စဉ်ရေချို ကုဗမီတာသန်းပေါင်း ၈၈၀ ရရှိသော နိုင်ငံ ဖြစ်ပါကြောင်း၊ ယင်းမှာ အာဆီယံအတွင်း၌  အင်ဒိုနီးရှားနိုင်ငံပြီးလျှင် ဒုတိယအများဆုံး ရေချိုရရှိသော  နိုင်ငံဖြစ်ပါကြောင်း၊ သို့ရာတွင် မြန်မာနိုင်ငံ အလယ်ပိုင်းရှိ ပူပြင်း ခြောက်သွေ့သော ဒေသများ၌ နေထိုင်သော ပြည်သူများမှာ သောက်သုံးရေ ရရှိရေးအတွက် ၎င်းတို့၏ အချိန် များစွာကို အသုံးပြုနေရသောကြောင့်  အခြားဝင်ငွေရရာ လုပ်ငန်းများကို လုပ်ကိုင်နိုင်ခြင်း မရှိဘဲ ဖြစ်နေရပါကြောင်း။ 

အဆိုပါ အပူပိုင်းဒေသများ၌ မြန်မာနိုင်ငံအစိုးရသည် ဆက်နွှယ်ရာ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများ၊ ပုဂ္ဂလိက အလှူရှင်များနှင့် ညှိနှိုင်းပြီး တတ်နိုင်သမျှ ရေချိုလုံလောက်စွာ ရရှိစေရန်ဆောင်ရွက်ပေးလျက် ရှိပါကြောင်း၊ သို့သော်လည်း ယင်းကဲ့သို့ ဆောင်ရွက်ခြင်းသည် ရေတိုအတွက်သာ ဆောင်ရွက်ခြင်း ဖြစ်ပြီး ရေရှည်ဖြေရှင်းမှုများအတွက် ဘက်ပေါင်းစုံကြိုးပမ်းမှုများ ဖွဲ့စည်းဆောင်ရွက် သွားရန် လိုအပ်နေပါသေးကြောင်း။ 

အထက်ပါ ဆောင်ရွက်ချက်များကြောင့် မြန်မာနိုင်ငံတွင် လုံခြုံစိတ်ချရသော သောက်သုံးရေရရှိသည့် လူဦးရေအချိုးအစားမှာ မကြာမီ ၇၂ ရာခိုင်နှုန်းအထိ ရောက်ရှိတော့မည် ဖြစ်ပါကြောင်း၊ သို့သော်လည်း ရေအရည်အသွေးနှင့် ရေဖြန့်ဖြူး ပေးရာတွင် လိုအပ်သည့် ပစ္စည်းပစ္စယများကို ဖြည့်ဆည်းပေးရန် လိုအပ်နေပါ သေးကြောင်း။ 

မြန်မာနိုင်ငံသည် ယနေ့ခေတ်အခါ၌ ပိုမိုသိသာလာသော ရေရှားပါခြင်းကိစ္စရပ်ကို ဖြေရှင်းရန်အတွက် ဘက်ပေါင်းစုံမှ ကြိုးစားဆောင် ရွက်လျက်ပါကြောင်း။ 

မြန်မာနိုင်ငံအစိုးရသည် ကုလသမဂ္ဂအဖွဲ့အစည်းများ JICA ကဲ့သို့ အပြည်ပြည်ဆိုင်ရာ အဖွဲ့အစည်းများနှင့် ပူးပေါင်းပြီး ရာသီ ဥတုပြောင်းလဲရေး ဆောင်ရွက်နေပါကြောင်း၊ အဆိုပါ ဆောင်ရွက်မှုများကိုလည်း  ဖော်ပြပါ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက် ရန် သန္နိဋ္ဌာန်ချထားပါကြောင်း။ 

ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုဖြင့် ရေနှင့်ပတ်သက်သော ပြဿနာများကို ကျော်လွှားနိုင်ရန် ဆောင်ရွက်သင့်ပါကြောင်း၊ ရေ လုံခြုံရေး၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေးကို ဆောင်ရွက်ရင်း လူမှုရေးညီမျှမှု၊  စီးပွားရေးဖွံ့ဖြိုးမှု၊ နိုင်ငံရေး တည်ငြိမ်မှုတို့ကို ဟန်ချက် ညီမျှအောင် ဆောင်ရွက်သင့်ပါကြောင်း။ 

ဖွံ့ဖြိုးပြီး နိုင်ငံများ အနေဖြင့် ဖွံ့ဖြိုးဆဲနှင့် ဖွံ့ဖြိုးမှုနိမ့်ကျသော နိုင်ငံများသို့ နည်းပညာနှင့် ငွေကြေးထောက်ပံ့ခြင်း၊ ခေတ်မီ နည်းပညာ လွှဲပြောင်းပေးခြင်း စသည့် အကူအညီ များ ပေးသွားရန် မျှော်လင့်ပါကြောင်း၊ သို့မှသာ ယင်းနိုင်ငံများ အနေဖြင့်  ရေနှင့် ဆက်နွှယ်သည့် စိန်ခေါ်မှုများကို ဖြေရှင်းနိုင်မည်ဖြစ်ပြီး ကြံ့ကြံ့ခိုင်နိုင်စွမ်းအတွက် အခွင့်အလမ်းကောင်းများကို တည်ဆောက် နိုင်မည်ဖြစ်ပါကြောင်း။ 

ယခု ဒုတိယအကြိမ်မြောက် အာရှ-ပစိဖိတ်ဒေသဆိုင်ရာ ရေထိပ်သီးအစည်းအဝေးမှ ရေလုံခြုံမှုကိစ္စရပ်ကို ဖြေရှင်းနိုင်ရန် ဖြစ်ပေါ် လာသော အခက်အခဲများနှင့် စိန်ခေါ်မှု များကို ကျော်လွှားနိုင်ရန်နှင့် အနာဂတ်ကာလတွင် ရေအရင်း အမြစ်များ ကောင်းမွန်လာရေး အတွက် အခွင့်လမ်းများ ပိုမိုတည်ဆောက်သွားရန် စသည့် ထိရောက်သည့်လုပ်ငန်း အတိုင်းအတာများကို ရလဒ်အနေဖြင့် ပေါ်ထွက် လာမည်ဟု ယုံကြည်ပါကြောင်းဖြင့် ပြောကြားခဲ့သည်။ 

ယင်းနောက် ဒုတိယသမ္မတသည် ဒုတိယအကြိမ်မြောက် အာရှပစိဖိတ်ဒေသဆိုင်ရာ ရေထိပ်သီး အစည်းအဝေးအထိမ်းအမှတ် ပြခန်း ကို  လှည့်လည်ကြည့်ရှုသည်။ 

ညနေပိုင်းတွင် ဒုတိယသမ္မတနှင့်အဖွဲ့သည် ချင်းမိုင်မြို့မှ ထိုင်းလေကြောင်းခရီးဖြင့် ထွက်ခွာရာ ဒေသစံတော်ချိန် ညနေ ၆ နာရီ ၁၅ မိနစ် တွင် ဗန်ကောက်မြို့ သုဝဏ္ဏဘူမိလေဆိပ် သို့ ရောက်ရှိပြီး ဗန်ကောက်မြို့ရှိ ခေတ္တတည်းခိုမည့် Four Seasons Hotel သို့ မော်တော်ယာဉ်များဖြင့် ရောက်ရှိကြသည်။

president-office.gov.mm

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်