မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Tuesday 14 May 2013

ဆိုင်ကလုန်းမုန်တိုင်း မဟာစင်ကို လိမ္မော်ရောင် အဆင့်သို့ ပြောင်းလဲသတ်မှတ်

ဆိုင်ကလုန်းမုန်တိုင်း မဟာစင်ကို လိမ္မော်ရောင် အဆင့်သို့ ပြောင်းလဲသတ်မှတ်၊ သက်ရောက်မှုကို ရခိုင်ပြည်နယ် မြောက်ပိုင်းမှ အဓိက ခံစားရမည်ဖြစ်ပြီး ချင်း၊ ကချင်၊ စစ်ကိုင်းဒေသများ၌ မိုးသက်လေပြင်း ဒဏ်အချို့ ကြုံတွေ့နိုင်

ဆိုင်ကလုန်းမုန်တိုင်း မဟာစင်ကို မေလ ၁၄ ရက်နေ့ ညနေပိုင်းတွင် လိမ္မော်ရောင် အဆင့်သို့ ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သတင်းရရှိပါသည်။

မေလ ၁၄ ရက်နေ့ ညနေပိုင်းအထိ ခန့်မှန်းမှုများအရ ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်၏ သက်ရောက်မှုကို ရခိုင်ပြည်နယ် မြောက်ပိုင်းမှ အဓိက ခံစားရမည်ဖြစ်ပြီး ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး စသည့်ဒေသတို့တွင် မိုးသက်လေပြင်း ကျရောက်မှုကို ကြုံတွေ့နိုင်ကြောင်း သိရှိရသည်။

ဘင်္ဂလား ပင်လယ်အော် အနောက်အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း မဟာစင်သည် မေလ ၁၄ ရက်နေ့တွင် သက်ရောက်ရာ လမ်းကြောင်းအပြောင်းအလဲများ ဖြစ်ပေါ်လျက်ရှိပြီး လက်ရှိခန့်မှန်းမှုများအရ မေလ ၁၆ ရက်နေ့ ညပိုင်းခန့်၌ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေဒေသများကို ဖြတ်ကျော်ဝင်ရောက်မည်ဟု သိရသည်။

"မေလ ၁၅ ရက်နေ့ကတော့ အဖြေပါပဲ။ အခုကို လမ်းကြောင်းက ကွေ့နေပါပြီ။ အခုအချိန်အထိ ခန့်မှန်းထားတာကတော့ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းနယ်စပ် ဒေသက ၀င်ရောက်မယ်ဆိုတာ မပြောင်းသေးပါဘူး။ ဆက်လက်စောင့်ကြည့်ရမှာ ဖြစ်ပါတယ်" ဟု Myanmar Climate Change Watch မှ ဒေါက်တာထွန်းလွင်က မေလ ၁၄ ရက်နေ့ ညနေပိုင်းက ပြောကြားသည်။

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်းသည် မေလ ၉ ရက်နေ့တွင် လေဖိအားနည်း ရပ်ဝန်းအဖြစ် တည်ရှိနေရာမှ ပိုမိုအားကောင်းလာကာ မေလ ၁၀ ရက်နေ့တွင် အပူပိုင်း မုန်တိုင်းအဆင့်သို့ ရောက်ရှိခဲ့သည်။ အပူပိုင်းမုန်တိုင်းသည် ပိုမိုအားကောင်းလာပြီး မေလ ၁၁ ရက်နေ့တွင် ဆိုင်ကလုန်းမုန်တိုင်း အဆင့်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။ မုန်တိုင်း အခြေအနေသည် မေလ ၁၄ ရက်နေ့ မွန်းလွဲပိုင်းအထိ အ၀ါရောင် အဆင့်ဖြင့် တည်ရှိနေခဲ့ရာမှ ညနေပိုင်းတွင် လိမ္မော်ရောင် အဆင့်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။  

မေလ ၁၄ ရက်နေ့ ညနေပိုင်းတွင် မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်များအရ ဆိုင်ကလုန်းမုန်တိုင်း မဟာစင်သည် မြန်မာနိုင်ငံ စစ်တွေမြို့၏ အနောက်တောင်ဘက် မိုင် ၄၉၀ ခန့်၊ ပုသိမ်မြို့၏ အနောက်တောင်ဘက် မိုင် ၅၀၀ ခန့်၊ ကျောက်ဖြူမြို့၏ အနောက်တောင်ဘက် မိုင် ၅၀၀ ခန့်အကွာ၊ အိန္ဒိယနိုင်ငံ ဗီဇာကာပတ္တနမ်မြို့၏ အရှေ့တောင်ဘက် မိုင် ၂၅၀ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေကြောင်း သိရှိရသည်။

လက်ရှိတွင် လိမ္မော်ရောင်အဆင့်သို့ ရောက်ရှိနေသည့် မဟာစင်မုန်တိုင်းသည် ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေများဆီသို့ ဦးတည်ရွေ့လျားနေပြီး မုန်တိုင်း၏ ဗဟိုချက်အနီးတွင် အမြင့်ဆုံး လေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင် ၆၀ ရှိနိုင်သည်ဟု သိရသည်။

မဟာစင်သည် ၂၀၁၃ ခုနှစ်အတွင်း ဘင်္ဂလားပင်လယ်အော်တွင် ပထမဆုံး ဖြစ်ပေါ်သော မုန်တိုင်းလည်း ဖြစ်သည်။

မုန်တိုင်းသည် ရခိုင်ကမ်းရိုးတန်းနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ဒေသများကို ဖြတ်ကျော်ရာ၌ မုန်တိုင်းသက်ရောက်မှုကို အဓိက ကြုံတွေ့ရမည့် ဒေသများသည် ရခိုင်ပြည်နယ် မြောက်ပိုင်း၊ ချင်းပြည်နယ်ရှိ ဒေသအချို့ဖြစ်ပြီး ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ မကွေးတိုင်း ဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်း ဒေသကြီး စသည်တို့မှာ သက်ရောက်မှုအချို့ ကြုံတွေ့ရမည့် ဒေသများဖြစ်သည်ဟု AccuWeather က မေလ ၁၄ ရက်နေ့တွင် ဖော်ပြသည်။

"ဒီမုန်တိုင်း ဖြစ်စဉ်အတွက်တော့ မေလ ၁၅ ရက်၊ ၁၆ ရက်၊ ၁၇ ရက်တွေဟာ အရေးကြီးတဲ့ ရက်တွေ ဖြစ်ပါတယ်" ဟု ဒေါက်တာထွန်းလွင်က ပြောကြားသည်။     

Tropical Storm Risk (TSR) ကမူ မေလ ၁၄ ရက်နေ့ နံနက်ပိုင်းက ဘင်္ဂလားဒေ့ရှ်နှင့် အိန္ဒိယနိုင်ငံသို့သာ သက်ရောက်နိုင်ခြေကို ဖော်ပြခဲ့သော်လည်း မေလ ၁၄ ရက်နေ့ ညနေပိုင်း၌ မြန်မာနိုင်ငံဘက်သို့ အနည်းငယ် ကွေ့ဝိုက်မည့် လမ်းကြောင်းအား ပြောင်းလဲဖော်ပြခဲ့သည်။

လက်ရှိတွင် မုန်တိုင်း၏ သက်ရောက်နိုင်ခြေရှိသော ဒေသများ ဖော်ပြမှုသည် အချိန်နှင့်အမျှ ပြောင်းလဲလျက် ရှိသည်ကိုလည်း နိုင်ငံတကာ မိုးလေ၀သ ခန့်မှန်းရေးဆိုင်ရာ ၀က်ဘ်ဆိုက်များ၏ ခန့်မှန်းချက်များအရ သိရသည်။

Global Disaster Alert and Coordination System ၏ မေလ ၁၂ ရက်နေ့ မုန်တိုင်းသက်ရောက်ရာဒေသ ခန့်မှန်းမှုတွင် မြန်မာနိုင်ငံမှ  ရခိုင်ပြည်နယ်၊ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီးတို့ ပါဝင်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စစ်တကောင်း၊ အိန္ဒိယနိုင်ငံမှ မဏိပူရ်၊ မီဇိုရမ်တို့လည်း ခန့်မှန်းမှုတွင် ပါဝင်ခဲ့သည်။

မေလ ၁၃ ရက်နေ့ ညပိုင်းတွင်မူ ချင်းပြည်နယ်၊ စစ်တကောင်း၊ မီဇိုရမ်တို့ကိုသာ ခန့်မှန်းဖော်ပြထားသည်။

မေလ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် မြန်မာနိုင်ငံမှ ချင်းပြည်နယ်၊ အိန္ဒိယနိုင်ငံမှ မီဇိုရမ်၊ အာသံ၊ မဏိပူရ်၊ ထရီပူရ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စစ်တကောင်း၊ ဘရီစယ်လ်တို့အား သက်ရောက်ရာ ဒေသများအဖြစ် ခန့်မှန်းဖော်ပြမှုရှိခဲ့ပြီး မေလ ၁၄ ရက် ညပိုင်းတွင်မူ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်းကိုသာ ဖော်ပြခဲ့သည်။

မုန်တိုင်း အခြေအနေကို သတ်မှတ်သည့် အရောင်နှင့် မုန်တိုင်းအဆင့်များ

အ၀ါရောင်- မုန်တိုင်း၏ ဦးတည်ရာလမ်းကြောင်းသည် မြန်မာ့ကမ်းရိုးတန်းနှင့် သက်ဆိုင်ခြင်း မရှိပါ။

လိမ္မော်ရောင်-မုန်တိုင်းမှာ မြန်မာ့ကမ်းရိုးတန်းသို့ ဦးတည်နေပြီ ဖြစ်သည်။ ကြိုတင်ပြင်ဆင်မှု ပြုလုပ်ရန် လိုအပ်ပြီ ဖြစ်သည်။

အနီရောင်-မုန်တိုင်းသည် မြန်မာ့ကမ်းရိုးတန်းသို့ နီးကပ်စွာ ဦးတည်နေသည်။ အန္တရာယ်ရှိသော အခြေအနေ ဖြစ်သည်။

အညိုရောင်-မုန်တိုင်းသည် မြန်မာ့ကမ်းရိုးတန်းကို ၀င်ရောက်ဖြတ်သန်းနေသည်။

အစိမ်းရောင်-မုန်တိုင်းသည် ကုန်းတွင်းသို့ ၀င်ရောက်ပြီးနောက် အားပျော့ပျက်ပြယ်ပြီ ဖြစ်သည်။

(ဓာတ်ပုံ - မုန်တိုင်းသက်ရောက်ရာ ခန့်မှန်းလမ်းကြောင်းအား accuweather.com ၌ မေ ၁၄ ရက်၊ မြန်မာစံတော်ချိန် ည ၁၂ နာရီခန့်က ဖော်ပြထားစဉ်)

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်