မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Friday 17 May 2013

ဆန္ဒပြဒေသခံတွေကတော့ သူတို့အနေနဲ့ စီးပွားရေးတဟုန်ထိုး တိုးတက်တာထက်

ဆန္ဒပြဒေသခံတွေကတော့ သူတို့အနေနဲ့ စီးပွားရေးတဟုန်ထိုး တိုးတက်တာထက်၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေသာယာပြီး ငြိမ်းချမ်းတဲ့လူ့ဘောင်ကိုသာ လိုချင်တယ်
မြန်မာ တရုတ် စွမ်းအင်ပိုက်လိုင်း စီမံကိန်း စက်ရုံ ယူနန် ဒေသခံတွေ ထပ်မံ ဆန္ဒပြ

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ တရုတ်နိုင်ငံ ယူနန်ပြည်နယ်ကို ပိုက်လိုင်းတွေကတဆင့် ရောက်ရှိလာတဲ့ ရေနံ နဲ့ သဘာဝဓါတ်ငွေ့တွေကို သိုလှောင်ချက်လုပ်ဖြန့်ဖြူးမယ့် စက်ရုံနဲ့ပတ်သက်ပြီး ကူမင်းမြို့ခံ နှစ်ထောင်ကျော်က တစ်လအတွင်း ဒုတိယအကြိမ်အဖြစ် မနေ့က ဆန္ဒပြခဲ့ကြပါတယ်။

အမေရိကန်ဒေါ်လာ သန်းသုံးထောင် လောက်ကုန်ကျခဲ့တဲ့ အဲဒီစက်ရုံကို လွန်ခဲ့တဲ့ (၈) နှစ် လောက် ကတည်းက တရုတ်အစိုးရပိုင်ရေနံကုမ္ပဏီက တည်ဆောက်ခဲ့ပြီး၊ အခုလကုန်ပိုင်းမှာ စတင် လည်ပတ်တော့မှာ ဖြစ်ပါတယ်။

ဒေသစီးပွားရေးဖွံ့ဖြိုးရေးထက် သဘာဝပတ်ဝန်းကျင်ထိခိုက်မှာကိုစိုးရိမ်တဲ့အတွက် ဆန္ဒပြကြတာ ဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။

ဆန္ဒပြသူတွေထဲက နှစ်ဦးကို အာဏာပိုင်တွေက ခေတ္တထိန်းသိမ်းခဲ့ပေမဲ့၊ ဆန္ဒပြပွဲကိုတော့ မပိတ်ပင်ခဲ့ဘူးလို့ မျက်မြင်တွေက ပြောပါတယ်။

ကူမင်းမြို့ ဒုတိယမြို့တော်ဝန်က ဆန္ဒပြသူတွေနဲ့ တွေ့ဆုံပြီး စက်ရုံအကြောင်း ရှင်းပြဖို့ ကြိုးစား ခဲ့ပေမယ့် အဆင်မပြေခဲ့ဘူးလို့ ဆိုပါတယ်။

ဒီစက်ရုံကို သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှု မရှိအောင် စံချိန်စံညွှန်းတွေနဲ့ အညီဆောင်ရွက်ထားသလို၊ ဒေသတွင်းစီးပွားရေးလည်း တိုးတက်လာမှာဖြစ်တယ်လို့ အာဏာပိုင်တွေကပြောပါတယ်။

ဒါပေမဲ့ ဆန္ဒပြဒေသခံတွေကတော့ သူတို့အနေနဲ့ စီးပွားရေးတဟုန်ထိုး တိုးတက်တာထက်၊ ပတ်ဝန်းကျင် စိမ်းလန်းစိုပြေသာယာပြီး ငြိမ်းချမ်းတဲ့လူ့ဘောင်ကိုသာ လိုချင်တယ်လို့ ပြောကြပါတယ်။

ဆန္ဒပြပွဲကို ရဲတပ်ဖွဲ့က စောင့်ကြည့်ရုံသာကြည့်ခဲ့ပေမဲ့၊ အစိုးရ ဝန်ထမ်းတွေအနေနဲ့ ဆန္ဒပြပွဲမှာမပါဝင်ဖို့နဲ့ ဒီကိစ္စကိုကျယ်ပြန့်အောင်မလုပ်ဖို့ သတိပေးထားတယ်လို့ သိရပါတယ်။

မြန်မာ တရုတ် ရေနံနဲ့ သဘာဝဓါတ်ငွေ့ပိုက်လိုင်းစတင်တဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူ မြို့နယ် မဒေးကျွန်း မှာလည်း ပိုက်လိုင်းစီမံကိန်းအပေါ် ကန့်ကွက်ဆန္ဒပြခဲ့ကြတဲ့ ခေါင်းဆောင်တွေကို အာဏာပိုင်တွေက တရားစွဲဆိုထားပါတယ်။

(RFA)

photo- Google

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်