မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Monday 10 June 2013

၂ဝ၁၅ ရွေးကောက်ပွဲအပြီး သမ္မတတာဝန်ယူလိုကြောင်း သူရ ဦးရွှေမန်း ထုတ်ဖော်ပြောကြား

RFA Burmese

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌနဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ သူရ ဦးရွှေမန်းက ၂ဝ၁၅ ရွေးကောက်ပွဲအပြီးမှာ သမ္မတတာဝန်ယူဖို့ဆန္ဒရှိကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဌ သူရ ဦးရွှေမန်းက RFA ကို ပြောကြားလိုက်ပါတယ်။
အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေတဲ့ သူရဦးရွှေမန်းက ဝါရှင်တန်မြို့တော်မှာရှိတဲ့ မြန်မာမိသားစုတွေနဲ့ သံရုံးမှာ တွေ့ဆုံခြင်းမပြုခင် RFA လွတ်လပ်တဲ့အာရှအသံနဲ့ သီးသန့်တွေ့ဆုံမေးမြန်းရာမှာ အခုလို ထုတ်ဖော်ပြောကြားလိုက်တာပါ။
"မိမိလည်း ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်၊ ဘာကြောင့်လဲ၊ နိုင်ငံနဲ့ နိုင်ငံသားအကျိုးစီးပွားကို ဖော်ဆောင်နိုင်တဲ့နေရာမှာ ဒီသမ္မတရာထူးက အရေးပါတဆိုလို့ရှိရင် သမ္မတဖြစ်ချင်ပါတယ်"
သူ့အနေနဲ့ သမ္မတအဖြစ် ရွေးကောက်တင်မြှောက်ခံရမယ်ဆိုရင် ပြည်သူတွေရဲ့ အကျိုးစီးပွားကို သူများထက်ပိုပြီး ဆောင်ရွက်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း သူရ ဦးရွှေမန်းက ပြောပါတယ်။
"သေချာပါတယ်၊ တကယ်လိုအပ်နေတဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး၊ တိုင်းရင်းသား စည်းလုံးညီညွှတ်ရေး၊ ဒီနေ့ တရားဥပဒေ စိုးမိုးရေးနဲ့ တည်ငြိမ်အေးချမ်းရေး အဲဒါအပြင် ငြိမ်းချမ်းရေးအတွက် သူများထက်စာရင် ကိုယ်တို့ကလုပ်ပေးနိုင်တယ်လို့ မိမိယုံကြည်ထားပါတယ်၊ အဲတော့ နိုင်ငံနဲ့ နိုင်ငံသားများအကျိုးစီးပွားကို မိမိအနေနဲ့ သူများထက်စာလို့ရှိရင် ပိုပြီးလုပ်ပေးနိုင်တဲ့ စေတနာလည်းရှိတယ်၊ အရည်အချင်းရှိတယ်လို့ပဲ ဒီလိုပဲ ရဲရဲပြောရဲပါတယ်"
ဒါ့ပြင် ပြည်သူ့လွှတ်တော်မှာ ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိလာပြီးနောက်ပိုင်း လုပ်ငန်းတွေ ပိုတွင်ကျယ်လာကြောင်း၊ သမ္မတအဖြစ် ၂ဝ၁၅ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်လိုတဲ့ ဒေါ်အောင်ဆန်းစုကြည်မှာ ပြည်သူတွေအတွက် စေတနာ အပြည့်အဝရှိတယ်ဆိုတာ ယုံကြည်ပေမယ့် လုပ်နည်းလုပ်ဟန်အပိုင်းနဲ့ စွမ်းဆောင်ရည်အပိုင်းတွေကိုတော့ စောင့်ကြည့်ရဦးမှာဖြစ်ကြောင်း သူရ ဦးရွှေမန်းက ပြောပါတယ်။
ဦးရွှေမန်းနဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ အမေရိကန် ပြည်ထောင်စုမှာ ရှိနေစဉ်အတွင်း၊ အမေရိကန်အစိုးရ ခေါင်းဆောင်တွေအပြင် အမေရိကန် အထက်အောက်လွှတ်တော်နှစ်ရပ်က ကိုယ်စားလှယ်တွေနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့ အစီအစဉ်တွေရှိတယ်လို့ သိရပါတယ်။
ဒီခရီးစဉ်ကနေ အမေရိကန်-မြန်မာ ရင်းနှီးချစ်ကြည်မှု ပိုမိုရရှိဖို့၊ အမေရိကန် ဒီမိုကရေစီစနစ်ထဲက မြန်မာနိုင်ငံနဲ့ သင့်လျော်တဲ့ အလေ့အကျင့်တွေကို ရယူလေ့လာဖို့ မျှော်လင့်ထားတယ်လို့လည်း သူရ ဦးရွှေမန်းက ပြောပါတယ်။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်