မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Thursday 27 June 2013

PR စနစ် ကျင့်သုံးမသုံး လွှတ်တော်တွင်း ဆွေးနွေးပြီးမှ ဆုံးဖြတ်မည်


ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးမှာ ၂၀၁၅ ရွေးကောက်ပွဲမှာ အချိုးကျ ရွေးချယ်တင်မြှောက်ခြင်း (PR) စနစ်ကို ကျင့်သုံးဖို့ လက်ခံမခံ ဆုံးဖြတ်ခြင်း မပြုလုပ်နိုင်ခဲ့ဘဲ လွှတ်တော်တွင်း ဆွေးနွေးပြီးမှ ဆုံးဖြတ်မယ်လို့ သိရပါတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ‘ဒီနေ့ဆုံးဖြတ်ချက် မချသေးပါဘူး၊ ကျွန်တော်တို့က ကြိုပြီး လေ့လာထားတာ ဖြစ်ပါတယ်၊ လေ့လာထားတဲ့ သဘောကလဲ သိလဲသိသင့်တယ်၊ သိလဲသိရမယ်၊ ဘာကြောင့်လဲဆိုတော့ လွှတ်တော်ထဲမှာလဲ ဆွေးနွေးလာနိုင်တဲ့ အနေအထားမျိုးလဲ ရှိတယ်’ လို့ ပြောပါတယ်။ ဆက်ပြီး ‘အဲဒါကြောင့် ဆွေးနွေးလာရင် ကျွန်တော်တို့က လေ့လာမှုအားနည်းရင် အဆင့်မီ ဆွေးနွေးနိုင်မှာ မဟုတ်ဘူး။ လွှတ်တော်ထဲမှာ ဆွေးနွေးလာခဲ့ရင် ဖုံးကွယ်ထားလို့ရတဲ့ ကိစ္စမဟုတ်ဘူး။ လောလောဆယ် ဆုံးဖြတ်ချက်နဲ့ ဘာလုပ်မယ်ဆိုတာ မရှိသေးဘူးလို့ပဲ ပြောချင်တယ်’ လို့ ဒုတိယဥက္ကဋ္ဌ ဦးဌေးဦးက ဆိုပါတယ်။ ရွေးကောက်ပွဲကို PR စနစ်နဲ့ ကျင့်သုံးမလား၊ ယခင်ကျင့်သုံးခဲ့တဲ့ စနစ်ကိုပဲ ကျင့်သုံးမလားဆိုတာ နိုင်ငံရေး ပါတီတွေကြားမှာ စဉ်းစားရွေးချယ်နေတဲ့ အခြေအနေတွေ ဖြစ်နေပါတယ်။ ကြံ့ခိုင်ရေးပါတီ အနေနဲ့ ဆုံးဖြတ်ချက် တစ်စုံတစ်ရာ ချထားတာမျိုး မရှိသေးဘဲ ဗဟိုအလုပ်အမှုဆောင် ကော်မတီကသာ လေ့လာ ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲကတည်းက ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ စနစ်တွေ များစွာ ပါဝင်လာပါတယ်။ ကြံ့ခိုင်ရေးပါတီ အနေနဲ့ နိုင်ငံရေးအမြင်နဲ့ မဟုတ်ဘဲ ပညာရှင်ပိုင်းဆိုင်ရာ လေ့လာသုံးသပ်ချက် စာတမ်းတွေကို ပါတီဝင်တွေကို ဖတ်ကြား ရှင်းလင်းနိုင်ခဲ့ပါတယ်။ တခြားပါတီဝင်တွေကလည်း PR စနစ်ကို လေ့လာနေဆဲသာ ဖြစ်ပါတယ်။ စည်းလုံးညီညွတ်ရေးနှင့် ဒီမိုကရေစီ ကချင်ပြည်နယ် ပါတီဥက္ကဋ္ဌ ဦးခက်ထိန်နန်က ‘PR စနစ်နဲ့လား အရင် ၂၀၁၀ တုန်းက သုံးတဲ့စနစ်တွေနဲ့ ဆက်သွားမလားဆိုတာ ခုမှ လေ့လာဆဲဆိုတော့ ဘယ်ဟာပို အဆင်ပြေမယ် ဆိုတာကို ဒီအချိန်မှာတော့ ယတိပြတ် မပြောနိုင်သေးဘူး’ လို့ ပြောပါတယ်။ ရွေးကောက်ပွဲစနစ်ကို ပြောင်းလဲကျင့်သုံး မသုံးနဲ့ ပတ်သက်ပြီး နိုင်ငံရေးပါတီတွေက လေ့လာလျက်ရှိသလို ပြည်သူလူထုအနေနဲ့လည်း ကိုယ်ပေးရမယ့် ဆန္ဒမဲဟာ ဘယ်လိုပုံစံနဲ့ အကျိုးသက်ရောက်မှု ရှိသလဲဆိုတာ ရှင်းရှင်းလင်းလင်း သိရှိဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ရွေးကောက်ပွဲ ကော်မရှင်အနေနဲ့ ယခုနှစ်မကုန်ခင် ကျင့်သုံးမယ့် စနစ်ကို အပြီးပြတ် ဆွေးနွေး ဆုံးဖြတ်မယ်လို့ သိရကြောင်း သိရသည်။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်