မင်္ဂလာပါ အောင်ရဲရင့် သတင်းနှင့်နည်းပညာ များကိုပြန်လည်မျှဝေခြင်းသက်သက်သာဖြစ်ပါသည်.....

Thursday, 27 June 2013

သျှမ်းလူမျိုးအကြောင်း တစေ့တစောင်း



* တချိန်က ဆယ်လန့်မြို့တော်ဟောင်းနေရာ

သျှမ်းလူမျိုးတို့မှာ နန်ကျောက်၊ နန်ချောင်၊ (နန်ကျောင်းဟုလည်း အရေးအသားရှိသည်) မွန်ဂိုရိုက် အနွယ်ဝင် (သျှမ်း-တိုင်း)များ ဖြစ်သည်။ အေဒီ ၉ရာစုအစဦးတွင် တရုတ်ထန်မင်း ဆက်၏ တန်းခိုးထွား လာမှု အောက်တွင် “နန်ကျောက်ပြည်ကြီး (ယခုယူနန်ပြည်နယ်၊ တာလီဒေသ)” ပြိုလဲပြီး အင်အားနည်းပါ သွားခဲ့ရသည်။ သို့သော် အလုံးစုံပျက်စီး သွားသည်ဟု မဆိုနိုင်ဘဲ ထန်မင်းဆက်ကုန်၍ စုန်မင်းဆက် လက်ထက်ထိတိုင် ရပ်တည်နေ နိုင်ခဲ့သေးသည်။
တရုတ်ပြည်ကို မွန်ဂို(တာတာ)တို့က ၁၁-ရာစုတွင် သိမ်းပိုက်ခဲ့ပြီး နယ်ပယ်များ ဆက်လက်ချဲ့ထွင်ခဲ့ရာ ၄င်း “သျှမ်း-တိုင်း” တို့ကိုလည်း အလွတ်မပေးခဲ့ချေ။ ထိုသို့ မွန်ဂိုတို့ရန်ကြောင့် လူမျိုးစုကြီးပြိုကွဲသည့် ရလာဒ်အဖြစ် တောင်ဖက်တစ်လျှောက် စုန်ဆင်းအခြေချခဲ့ရာမှ သျှမ်းလူမျိုးအဖြစ် ပေါ်ထွက် လာကြသည်။ မြန်မာနိုင်ငံတွင် မြန်မာပြည်မြောက်ပိုင်းနှင့် ယခုသျှမ်းပြည်နယ်မှ သျှမ်းလူမျိုးများ အဖြစ်လည်းကောင်း၊ လာအိုနိုင်ငံတွင် လော(မှုန်း) လူမျိုးများ အဖြစ်လည်းကောင်း၊ ထိုင်းနိုင်ငံတွင် ထိုင်း လူမျိုးများအဖြစ် လည်းကောင်း ပျံ့နှံ့သွားခဲ့ကြသည်။
သို့သော် သျှမ်းလူမျိုးများမှာလည်း ကချင်လူမျိုးများကဲ့သို့ပင် တောတောင် ထူထပ်သည့်ဒေသတွင် အခြေချခဲ့ကြသည့် သူများလဲ ရှိခဲ့သည့်အတွက် လူမျိုးစုငယ် အများအပြား ကွဲပြားခဲ့ပြီး ယဉ်ကျေးမှု၊ ဘာသာစကားတို့ပါ အနည်းငယ်စီ ကွဲပြားကြသည်။
ရိုးရာယဉ်ကျေးမှုနှင့် ဓလေ့ထုံးစံ
သျှမ်းလူမျိုးများသည် မြန်မာနိုင်ငံတွင် မြန်မာပြီးလျှင် ဒုတိယအများဆုံး လူမျိုးစု ဖြစ်သည်။ သျှမ်းပြည်နယ်တွင် ၄ သန်းကျော် နေထိုင်ပြီး၊ ကချင်ပြည်နယ်တွင် ၇ သိန်းကျော်၊ စစ်ကိုင်းတိုင်းတွင် ၁၀ သိန်းကျော်နှင့် အခြားတိုင်းနှင့် ပြည်နယ်များတွင်လည်း ပျံ့နှံ့စွာ နေထိုင်၍ လူမျိုးစု ၃၅ စုပါဝင်နေထိုင်သည်။ သျှမ်းအမျိုးသားများသည် ပင်နီရင်စေ့ တိုက်ပုံကို ခပ်ပွပွဘောင်းဘီရှည်နှင့် တွဲဖက်ဝင် ဆင်ပြီး ခါးတွင် ပုဝါစစည်းနှောင်းလေ့ရှိသည်။ အမျိုးသမီးများသည် ကော်လာမဲ့ ရင်ဖုံးက်ရှည်အင်္ကျီကိုပတ် လည်စင်းပါသော ရိုးရာလုံချည်နှင့် တွဲဖက်ဝင်ဆင်သည်။
ဇမ္ဗူတံဆိပ်ကျမ်း သျှမ်းလူမျိုးများ
ဇမ္ဗူတံဆိပ် ကျမ်းရင်းတွင် ဖော်ပြချက်အရ လင်း, သက်, ချင်း, ခုံ, ရင်, ကတူး, မြန်, အကျော်, ဂင်, သျှမ်း(၁၀)။ ဇ၀ါ, မျက်နှာမည်း, ကသည်း, ရေမီးထွက်, ကရက်, လ၀, လော, ပန်းလောင်, တရက်, ယွန်း (၂၀)။ စနု, ဘအူ, ကရင်, ကချင်, ဂနော, ယောန်, လ၀ိုက်, တရုပ်, ယိုးဒယား, အနဲ (၃၀)။ သျှမ်း (၃၄) မျိုး- သျှမ်း၊ ယွန်း(လာအို)၊ ကွီ၊ ဖျင်၊ သအို၊ ဓနော၊ ပလေး၊ အင်၊ စုံ(ဆံ)၊ ခမူ၊ ကော်(အခါ-အီကော)၊ ကိုးကန့်၊ ခန္တီးသျှမ်း၊ ဂုံ(ခွန်)၊ တောင်ရိုး၊ ဓနု၊ ပလောင်၊ မြောင်ဇီး၊ ယင်းကြား၊ ယင်းနက်၊ သျှမ်းကလေး၊ သျှမ်းကြီး၊ လားဟူ၊ အင်းသား၊ အိုက်ဆွယ်၊ ပအို့ဝ် (တောင်သူ)၊ တိုင်းလွယ်၊ တိုင်းလျမ်၊ ထိုင်းလုံ၊ တိုင်းလေ့၊ မိုင်းသာ၊ မောသျှမ်း၊ ၀ ။
ဘာသာနှင့်စာပေ
တရုတ်ပြည်သို့ လည်းကောင်း၊ နန်ချိုသျှမ်းဒေသ သို့လည်းကောင်း၊ ထေရ၀ါဒဗုဒ္ဓဘာသာသည် 6 ရာစု ကတည်းက ရောက်ရှိနေကြောင်း တရုပ်မှတ်တမ်း ( DAI ARCHITECTURE ) ၌ပါရှိသည်။ ချိန်းမိုင်ကမ္ဘောဒီးယားမှ တစ်ဆင့် ပင်လယ်လမ်း(သီဟိုဠ်) မှလာခြင်းဖြစ်သည်ဟုပါရှိသည်။ “ထိုငေါက်” (ပဲပင်ပေါက်) သျှမ်းစာမူ သည် ထိုအချိန်မှရှိလာသည်ဟုဆိုပါသည်၊ ထိုကာလ၌ သျှမ်းများ ဗုဒ္ဓဘာသာဝင် ဖြစ်လာသည် အလျှောက် ဗုဒ္ဓ၀င်သျှမ်းစာ၊ သျှမ်းကဗျာ၊ သျှမ်းတရားတော်များ ရှိလာရပြီ။ ထို့ကြောင့် ၈-ရာစု အာသံ (အဟုမ်) ကိုသွားရောက် သိမ်းယူစဉ် ဗုဒ္ဓ၀ါဒ၊ ဗုဒ္ဓ၀င်သျှမ်းစာ၊ တရားစာများ လည်းပါသွားခဲ့သည်။
နှစ်သစ်ကူးပွဲတော်
နှစ်သစ်ကူးပွဲတော် ဆိုသည်မှာ နှစ်ဟောင်းကုန်၍ နှစ်သစ်သို့ ရောက်ရှိချင်းပင်ဖြစ်သည်။ နတ်တော်လတွင် သျှမ်းလူမျိုးတို့၏ နှစ်သစ်ကူးခြင်းကား သျှမ်းလူမျိုးများသည် “သီးခြားပြက္ခဒိန်” ရှိနေခြင်းကို ဖော်ညွှန်းလျက်ရှိသည် သျှမ်းနှစ်သစ်ကူးပွဲတော် သမိုင်းအရ သာသနာတော်နှစ် ၄၅၀ (ဘီစီ ၉၄) တွင် သျှမ်းလူမျိုးများသည် "မူအန်မောဝ်" တိုင်းပြည်ကို တည်ထောင်ခဲ့သည်။ ထိုနှစ်သည် စတုတ္ထသင်္ဂါယနာ တင်သောနှစ်လဲဖြစ်သည်။ သောဏမထေရ်သည် သျှမ်းဒေသသို့ သာသနာပြု ကြွရောက်တော်မူခဲပြီး မဇ္ဈန္တိကမထေရ်က ပိဋကတ်သုံးပုံ များကိုယူဆောင်လာခဲ့သည် ထိုပိဋကတ်သုံးပုံ စတင်ရောက်ရှိလာသော နှစ်ရက်ကို အစွဲပြု၍ နှစ်သစ်ကူးပွဲတော်များ စတင်ကျင်းပလာခဲ့သည်။

အရှင်သုခမိန္ဒ (တန့်ယန်း)၏ သျှမ်းတိုင်းရင်းသားများ၏ ယုံကြည်မှုနှင့် ဓလေ့ထုံးစံများ စာအုပ်မှကောက်နှုတ်တင်ပြသည်။

0 မှတ်ချက်ပြုသည်။:

Post a Comment

အောင်ရဲရင့်